Thursday, January 19, 2006

ပင်လယ်မှောက်တဲ့လှေ

ပင်လယ်မှောက်တဲ့လှေ


သစ္စာနဲ့ဝေးခဲ့လို့ ... တဲ့။
ဘယ်လိုမှဆေးဖက်မ၀င်နိုင်တော့တဲ့ နွယ်မြက်သစ်ပင်တွေ
တရွေ့ရွေ့ရွာသွန်းပေါက်ရောက်လာကြ
ကျွန်မရဲ့ဆောင်းရာသီ ယာခင်းကလေး
ပေါင်းပင်တွေနဲ့ တအိအိညွှတ်ကွေးနေခဲ့။
နတ်ဝှက်ခံထားရတဲ့ မယ်ဇလီပွင့်လေးများ
ကြေးစားမဆန်တဲ့ လရောက်အောက်မှာ ယိမ်းနွဲ့လဲ့ဝါ။
ဆေးပေါင်းမခခင်မှာပဲ အဆိပ်ပေါင်းခခဲ့ရလို့
ကျွန်မရဲ့တန်ဆောင်မုန်းလပြည့်ညလေး
ကိုယ်ပိုင်မေးခွန်းတွေနဲ့ လန့်နိုးခဲ့ရ ။
ဆုတောင်းတိုင်းရတတ်တဲ့အရာတွေထဲမှာ
ကတိသစ္စာ မပါဘူး
လက်မှတ်တွေအပြည့်ထိုးထားတဲ့စွယ်တော်ပင်က
လောကအဖို၊အမအကြောင်း ပြောပြတယ် ။
ယတြာချေဖို့တစ်ခုပဲ ကျန်တော့တယ်
ဒါမှမဟုတ်
ဒါဟာ ဘုရားသခင်ရဲ့အလိုတော်ပါ လို့ ၀န်ခံလိုက်ရရင်ကောင်းမလား
ကိုယ့်ကိုယ်ကို မကြားတကြား ရယ်မိတာများပြီ။
ဖြေသိမ့်လိုက်ပါတယ်
တစ်ခါတစ်ခါ... ဘ၀ဟာပျင်းရိမနေဖို့
ဝှက်ဖဲတစ်ချပ်တော့ လိုလိမ့်မယ်... လို့။


မနော်ဟရီ

မုခ၊ ဒီဇင်ဘာ၊ ၂၀၀၁။
Manor Hary

0 Comments:

Post a Comment

<< Home