Friday, March 31, 2006

လွိုင်ကော်

လွိုင်ကော်


နေ့လည်နေ့ခင်းဟာ
ခေတ်ပေါ်ကောင်မလေးတွေ စီးထားတဲ့ဖိနပ်လိုပဲ
ကြောင်တောင်တောင်နိုင်လှရဲ့
လမ်းမတွေဟာ သန်းဝေပြီး
လမ်းကြားတွေဟာ ငိုက်မျဉ်းလို့
ပျင်းကြောဆန့် စတိုးဆိုင်ရှေ့မှာ
ပလက်ဖောင်းရဲ့ အသားစဟာ ပဲ့ထွက်နေတယ်
တစုံတခုကို ငေးရီငိုင်နေတဲ့ လက်ဖက်ရည်ဆိုင်တွေလည်း
ရေမရှိတဲ့ ခွက်လိုပဲ အထီးကျန်လို့
သူ့ရင်ကိုနှစ်ခြမ်းခွဲထားတဲ့ ဘီလူးချောင်းလည်း
အရင်လို သက်လုံမကောင်းတော့
နေ၀င်မိုးချုပ်ဝေ့၀ဲနေတဲ့ လူငယ်တွေရဲ့ လက်ကိုင်တုတ်ဟာ
မှော်မအောင်တဲ့ မြို့တော်ထဲမှာ ငြိနေတုန်းပဲ
လမ်းတဖက် ဘိလိယက်ခုံမှာတော့
ကိုယ်ရည်သွေးတီးလုံးတွေ တိတ်ဆိတ်လို့
ညရေးညတာ မကောင်းတဲ့သီချင်းဟာ
စိုင်းစိုင်းခမ်းလှိုင်ထက် ပိုခေတ်စားနေတယ်
(၃၃) လမ်းက မိတ်ဆွေသူရဲကောင်းများ
ခင်ဗျားတို့ ယုံပါ့မလား
ကျွန်တော်သိပ်ချစ်ရတဲ့ မြို့ဟာ
အချစ်ရေးမကောင်းတဲ့ ပင်လယ်ပါ
အရောင်းအ၀ယ်မကောင်းတဲ့ ကျောက်ဆောင်ပါ
စကားပြောမကောင်းတဲ့ မိုက်ကရိုဖုန်းပါ
ရေထွက်အားမကောင်းတဲ့ ပိုက်ခေါင်းပါ
ကဗျာရေးမကောင်းတဲ့ တောင်တန်းပါ
အစဉ်အဆက် ပျော်ရွှင်ခြင်းတွေဟာ
လေတိုက်ခံရတဲ့ အမှိုက်စလို လွင့်လွင့်သွားကြပေါ့။ ။


ဥတ္တရာအောင်
ပိတောက်မြေ၊ ဇူလိုင်၊ ၀၅။

Saturday, March 04, 2006

ကြောင်ကလေးရဲ့မေမေ

ကျွန်တော်ဟာ ကြောင်ကလေးတစ်ကောင်ပေါ့
ကျွန်တော့်ကို မေမေက မွေးခဲ့တယ်
တိမ်ပြာသောနေ့တစ်နေ့မှာ မွေးခဲ့တယ်.....
ကျွန်တော့်အမွေးအမှင်တွေက တိမ်စိုင်တွေလိုနူးညံ့
ကျွန်တော့်ခိုဝင်ရာ ရင်ငွေ့ဟာနွေးထွေး
မေမေကသိပ်ပြီးချစ်စရာကောင်း
ကျွန်တော် ဘီစကစ်တွေညာညာပြီးတောင်းတိုင်းပေးတယ်.....
တဖြည်းဖြည်းနဲ့ ကျွန်တော့်လက်သည်းတွေချွန်မြလာ
ကျွန်တော်ဟာသန်စွမ်း
ကျွန်တော့်ခန္ဓာအရောင်ပြောင်းလာ
ကျွန်တော် ကမ္ဘာတစ်ခုရှာမယ်....သွားမယ်
ဒီလိုနဲ့ ထိုထိုသောအရပ်မှာ
ကျွန်တော်ဖြတ်သန်းရာ အချိန်ကာလတွေက ဆန်လွန်း
ကျွန်တော့်ကူးခတ်ရာ ပင်လယ်ပြင်ကကျယ်ပြော
ကျွန်တော်မက်မောရာ ငါးကလေးသေဆုံး
ကျွန်တော့်တစ်ကိယ်လုံးမြားဒဏ်ရာတွေနဲမြင်မကောင်းတဲ့အချိန်
မေမေနဲ့ပြန်တွေ့တယ်
မေမေကျွန်တော့်ကိုချစ်သေးသလားမေးတော့
မေမေကပါးကို အသာဆွဲလိမ်
ကျွန်တော့်အရိုးထဲက “ချွင်” ခနဲ
အဲဒီအသံဟာ ဘယ်လောက်ကျယ်ပြန့်ပြီး
ဘယ်လောက်သာယာပါသလဲ.....
တစ်လောကလုံးအိပ်မောကျနေချိန်မှာ
အဲဒီနေ့က
ကြောင်ကလေးတစ်ကောင်နိုးလာပါတယ်
ပြီးတော့ သူက သီချင်းတစ်ပုဒ်ကို တိုးတိုးဆိုညည်းတယ်
မေမေက ကျွန်တော့်မီးဖိုလေးပေါ့.....။


အေးမင်းစော
Tag : Aye Min Saw

Wednesday, March 01, 2006

မိသားစု

မိသားစုဆိုတာ
တစ်ယောက်ရှေ့ရောက်ဖို့
တစ်ယောက် နောက်ဆုတ်ရတယ်
သစ်ကိုင်းတစ်ကိုင်းတိုးထွက်ဖို့
သစ်ကိုင်းတစ်ကိုင်း အခုတ်ခံရတယ်
မိသားစု သီချင်းဟာ အတက်အဆင်းရှိတယ်
သံစုံမြည်တယ်။

မိသားစုဆိုတာ
လူခြောက်ယောက်ရှိ လူခြောက်ယောက်
လက်၁၀ချောင်းရှိ လက်ဆယ်ချောင်း
ခေတ်က တောင်းဆိုတဲ့အတိုင်း လှုပ်ရှားရတယ်
အိမ်ရှိလူအကုန်။

လဲကျသွားတဲ့ ငါ့အဖေနေရာကို
ငါ့ညီလေးဝင်ခဲ့တယ်
ယိုင်နဲ့သွားတဲ့ ငါ့အမေရဲ့ နေရာကို
ငါ့ညီမလေး ၀င်ခဲ့တယ်
မိသားစုကို ငါမမြင်ခဲ့ဘူး။

ငါ့အတွေးအခေါ်က သားသမီးဆိုတာ
သီးခြားရှင်သန်ရတဲ့ ဘ၀တစ်ခု
ငါက လမ်းပေါ်မှာကြီးပြင်းခဲ့လို့
လမ်းနဲ့ သွေးသားတော်စပ်တယ်လို့ ထင်တယ်။

ငါ့မိသားစုမှာ ငါဟာ မလင်းတဲ့မီး
ငါ့မိသားစာမှာ ငါဟာ မလုံခြုံတဲ့ထရံ
ငါ့ကြိုးကို တီးခတ်လိုက်တိုင်း အသံကြောင်ထွက်တယ်
ငါ့မိသားစုမှာ
မိုးယိုပေါက်လေး တစ်ပေါက်ရှိနေတယ် ဆိုရင်လည်း
ငါပဲဖြစ်မှာ
ငါ့မိသားစုမှာ
ကြမ်းခင်းတစ်ပေါက် ကျိုးပဲ့နေတယ်ဆိုလည်း
ငါပဲဖြစ်မှာ
မအောင်မြင်တဲ့ ဘောလုံးအသင်းဟာ ငါ့မိသားစုပဲ
မ၀င်တဲ့ဂိုးတွေကို ငါသွင်းခဲ့တာ။


စိုင်းဝင်းမြင့်
နားနားပြီးပြော ကဗျာစာအုပ်မှ

Tag : Sai Win Myint

Thursday, January 19, 2006

မှန်ကွဲစများ၏ရာဇ၀င်

မှန်ကွဲစများ၏ရာဇ၀င်


တစ်ခါတစ်ခါ...
ငါ့ကိုယ်ငါ မမှတ်မိဘူး
လူထူးလူဆန်းလိုမင်သက်
စိတ်ပျက်လက်ပျက်ကြည့်နေလိုက်ရတာ...
ပျော့ညံ့လိုက်တာကွာ
(အားမတန် မာန်ချ... တဲ့)
တစ်ခါတလေကျ
ငါ့ဟာငါတောင်အံ့သြ
နှမြောတသ ဖြစ်နေမိသေးတယ်...
နေရာလွဲမှားသွားလို့
ဒဏ်ရာဒဏ်ချက်ကြီးကြီးမားမားနဲ့
ငါ့ရဲ့မာနအတွက်လေ...
သေပစ်လိုက်စမ်းပါလား
(တလွဲဆံပင်ကောင်းခဲ့တာ မဟုတ်ပါဘူး... )
တစ်ခါတစ်ရံ
ပြန်ပြန်မေးယူရတယ်
ငါဟာငါဟုတ်သေးရဲ့လား
ပထမတန်းစားသတ္တိတွေနဲ့
သူရဲကောင်းတံဆိပ်တွေ အခါခါရ...
မိုးမလင်ချင်ကြတော့ဘူး...
(အိပ်မက်တွေကချိုတယ်... )
အဲဒါနဲ့...
ကာလတွေသာကြာရော...
ဝိရောဓိ တွေနဲ့ ရောယိမ်းလိုက်ရ
မှန်တစ်ချပ်လည်းကွဲကျ... ။
(ကျကွဲခြင်းမဟုတ်ပါ...)


မနော်ဟရီ
Manor Hary

ကလေး... သို့

ကလေး... သို့


ကလေးရေ...
မုန်တိုင်းတွေဟာမောပန်းလာတယ်
ဘယ်မှာလဲ... ခိုလှုံနားစက်ရာတဲ့
မနက်ဖြန်တွေဟာ
အိပ်ချင်ယောင်ဆောင်နေကြလေရဲ့။

ကလေးရေ
နှုတ်ခမ်းတွေကိုကြားရလား...
စကားလုံးများစွာက ခုန်ထွက်လာရဲ့
အသိသညာတွေဟာ... ကွန်ပျူတာတွေလိုပဲ
အီလက်ထရောနစ် ခလုတ်တစ်ခု ပိုင်ဆိုင်ထားရမယ်... ။

ကလေးရေ...
မျက်ဝန်းတွေကိုဖတ်တတ်ပြီလား...
ယောင်မှားသံသယတွေသာရရှိခဲ့
ယုံကြည်မှုတွေဟာ... အိပ်ရာမထနိုင်ကြသေးဘူး
မူးယစ်နေတာမျိုးမဟုတ်ဘူးလေ... ။

ကလေးရေ...
နှလုံးသားတွေပျောက်နေတယ်
ဘယ်သူများခိုးယူသွားပါလိမ့်
တစ်ယောက်တည်းကလား...
အများကြီးကလား...
နှလုံးသားတွေကိုရှာဖွေဖို့
နှလုံးသားများစွာ ဖွင့်ရှာရတော့မှာ။

ကလေးရေ...
ပန်းတွေကိုခိုးခူးမထားနဲ့နော်
အပျော်ဆိုတာတခဏ...
ကြွေကျသွားတဲ့ပန်းပွင့်တွေလိုပဲ
ထာဝရမတည်မြဲဘူး
ဆူးစူးတတ်သေးတယ်... ။

ကလေးရေ...
အိပ်မက်တွေကိုတော့
ချိုးမကွေ့ခဲ့လိုက်ပါနဲ့
ပစ္စုပ္ပန်ရဲ့အရှိတရား
ခါးသက်လွန်းလှပါတယ်...
တွယ်ငြိနေတာလည်း မဟုတ်ပါဘဲ
ခွာချမရနိုင်ခဲ့...
ကိုယ်တို့ရဲ့အဆောင်အဖြစ်
အိပ်မက်တွေကိုပဲ ချစ်ရတော့မှာ... ။

ကလေးရေ...
ခန္တီစတရား... တဲ့
ပညာရှိစကားနဲ့သာဆိုခဲ့ရ
သက်သာရာရအောင်လေ...
အမှန်က... အားမတန်၊ မာန်ချ... တဲ့
အဲဒါတွေနဲ့ပဲ
ကိုယ့်ဘာသာကိုယ်လှည့်စားနေခဲ့ရ
တစ်ဘ၀စာမို့သာနော်... ။

ကလေးရေ...
သင်ခန်းစာတွေလေ...
သင်ခန်းစာတွေ...
ပျားရည်ဖွပ်ထားရသလိုပါပဲ
အရသာကတော့ချိုပါရဲ့...
ဒါပေမယ့်... ဒဏ်ရာတွေက နာကျင်လွန်းတယ်။


မနော်ဟရီ
၀၁.၀၈.၁၉၉၄
Manor Hary

အိပ်မက်

အိပ်မက်


သိပ်ချောက်ချောက်ချားချားကြီးတော့ မဟုတ်ပါဘူး
လေရူးတွေတိုက်နေတဲ့နွေဦးလို
မငိုဘဲမျက်ရည်ကျနေရုံပါပဲ...
ရွက်ဝါတွေကြွေနေသလိုပေါ့... ။
ရှပ်တိုက်ပြေးလွှားနေရတဲ့မြေပြင်
မင်းရင်ခွင်ဖြစ်သင့်စေချင်ခဲ့
အိပ်မက်ရဲ့အပြင်ဘက်
ခြေတစ်ဖက်မှမချနိုင်သေးသရွေ့တော့
ဦးမော့နေသေးတဲ့မာနတချို့ဟာ
ဝေးကွာခြင်းရာသီထဲ
စိမ်းဝေဆဲဖြစ်နေဦးမှာ... ။
အီကွေတာရပ်ဝန်းက
အမြဲစိမ်းသစ်တောတွေရဲ့အတွင်းဘက်
တစ်ချက်လောက်စောင်းငဲ့ကြည့်စမ်းပါ
ရွက်ဝါတချို့
စိမ့်ဝင်သွားခဲ့တဲ့မြေပြင်
ရင်ခွင်တစ်ခုဖြစ်ခဲ့ရင်။


မနော်ဟရီ
Manor Hary

သိုးတစ်ကောင်ရဲ့ဒဏ္ဍာရီ

သိုးတစ်ကောင်ရဲ့ဒဏ္ဍာရီ


တကယ်တမ်းကျတော့
ငါ့လက်က ဖိတ်ကျသွားတဲ့သစ္စာတရား
သိပ်မများပါဘူး ချစ်သူ
လူမည်ရုံလေးပါ။
တွေ့လား...
မေတ္တာတရား... ရှေ့ထားဟန်ပြရင်ပဲ
လူရာမ၀င်တော့သလို
မျက်နှာညိုပြနေလိုက်ကြတာ...
ကြာလာတော့လည်း...
သိုးမည်းတွေထဲ ဖြူနေသူ
အလယ်လူအပြစ်ဖြစ်မှာစိုးလို့
မိုးခါးရေတစ်ခွက်
ခပ်သွက်သွက်မော့သောက်လိုက်တယ်။
ကြမ်းတမ်းစွာစီးဝင်သွား
နှလုံးသားတစ်လျှောက်
ဖောက်ပြန်မှုတို့ရုန်းထ
ဘ၀သိက္ခာ...
ငါ... ပြန်မရနိုင်တော့ပါလား။
ချစ်သူရေ
ကိုယ့်ကိုခွင့်မလွှတ်လိုက်ပါနဲ့။


မနော်ဟရီ
ရင်ခုန်ပွင့်၊ ဒီဇင်ဘာ၊ ၁၉၉၃
Manor Hary

ပန်းလှေ

ပန်းလှေ


မော့ကြည့်နေဆဲမှာ
တိမ်တစ်စဟာပျောက်ဆုံးသွားခဲ့
နာကျင်ကိုက်ခဲမှုတွေသာ
ရင်မှာကျန်ရစ်
ပြန်မဖြစ်နိုင်တော့တဲ့ အိပ်မက်တွေကိုတော့
ကြိုးလျော့ဂစ်တာတစ်လက်လို
ပြန်ညှိဖို့ ကြိုးစားနေမိ...
အသိတရားလက်လွတ်စွာလေ... ။
များလိုက်တဲ့မာယာတွေ
ကမ္ဘာမြေက
ဘာလို့များလက်ခံထားတာပါလိမ့်
ငြိမ့်ငြိမ့်သာသာစီးမျောနေတဲ့
ပန်းလှေတွေ
ပန်းတိုင်ကိုအတူရောက်ကာ
ပျော်နိုင်ကြမှာလို့
ဘာလို့များမိုက်မဲစွာ
လက်ခံထားခဲ့မိတာပါလိမ့်။
ခရီးရဲ့တစ်ဖက်တစ်ချက်
ဝဲဂယက်တွေ...
ကမ်းခြေ မြို့တွေ
ပြီးတော့... တိုက်ခိုက်ခံရမှုတွေ
ဒါတွေကို
ဘာလို့မေ့ထားခဲ့မိတာပါလိမ့်။
သတိဝင်လာချိန်မှာ
ပန်းလှေများစွာ
တချို့... ကမ်းကပ်ခဲ့ကြ
တချို့... နစ်မြုပ်ခဲ့ကြ
တချို့... အတူစီးမျောဆဲ
မျက်ဝန်းအသိထဲ
မကြည်လင်စွာ... ။
ဟင့်အင်း
အဲဒါ...
ပန်းလှေပေါ်က မိုးရေစက်တွေမဟုတ်ပါဘူး
ကျွန်မရဲ့မျက်ရည်တွေပါပဲ... ။


မနော်ဟရီ
မဟေသီ၊ မေ၊ ၁၉၉၆။

သူယောင်နေ့များ

သူယောင်နေ့များ


ဘာအာမခံချက်တွေမှပေးမထားတဲ့
မနက်ဖြန်တွေကိုပဲ ကျုပ်တို့မျှော်လင့်
အခွင့်အရေးတစ်ခုတလေများ
မျက်စိလည်လမ်းမှား... ပါလာလေမလားလို့... ။
မျှော်လင့်ချက်အသစ်စက်စက်တွေနဲ့
စိစိညက်ညက်ကြေနေတဲ့ရင်ခွင်
ဘ၀င်များတောင်မြင့်နေသေး
မရောက်လာသေးတဲ့မနက်ဖြန်ဟာ...
မဟာအခွင့်အရေးသစ်တွေကိုပဲ
ချစ်မြတ်ခွင့်ပေးတော့မယောင်နဲ့... ။
တည်းတည်းမျှင်မျှင်ကျန်နေတဲ့
ရှင်သန်နေထိုင်မှုကို
အင်မတန်ထုထည်ကြီးသယောင်ဖန်ဆင်း
ခပ်တင်းတင်းနဲ့...
မနက်ဖြန်တွေကို လိုက်လံခူးဆွတ်နေလိုက်တာ
အရူးအမူးပါပဲ။


မနော်ဟရီ
၂၁.၀၄.၁၉၉၄
Manor Hary

မပြန်ချင်တဲ့လမ်း

မပြန်ချင်တဲ့လမ်း


လှပအိပ်မက်ရှည်တွေနဲ့
ကျဆုံးနေခဲ့ရတဲ့ညများ
အပြင်းစားနောင်တတွေကို
မျိုချခိုင်းနေတယ်... ။
ရီဝေစွာမူးယစ်လိုက်ပါကွဲ့
ဒီလိုဖြစ်စေချင်ခဲ့တာ မဟုတ်လား
ခက်တော့ခက်သားနော်...
ခြေချော်လက်ချော် ဆိုတဲ့ ဝေါဟာရ
ကံကောင်းခြင်းဘက်ကလည်း လာဦးမှပေါ့... ။
အဲဒါ... ကျုပ်မရလိုက်တဲ့အရာ
မအံ့သြလိုက်ပါနဲ့ ... ။
အကြိမ်များစွာလှုပ်နှိုးခဲ့ရ
(ကိုယ့်ဘာသာကိုယ်...)
နိုးထလိုက်တဲ့အခါမှာ
အသားမကျစွာပါဘဲ...
စူးရဲတဲ့နေခြည်အောက်
နောက်ကျနေခဲ့ပြီထင်ရဲ့ ... ။
ကိုယ်လက်သန့်စင်လိုက်ကြ
မှန်ရှေ့ကမခွာနိုင်ကြ
ဒီလိုနဲ့
နေ၀င်သွားရ...
ကြုံရဦးမယ့်ညတွေမှာ
လှပတဲ့အိပ်မက်ရှည်တွေ...
ဝေးဝေးနေကြစမ်းပါ...
ဒီမှာ...
နောင်တ ဟာ
ဒဏ်ရာ ရဲ့ အမာရွတ် တဲ့
လမ်းခုလပ်က လှည့်မပြန်ချင်ပါဘူး။ ။


မနော်ဟရီ
၀၂.၀၆.၁၉၉၄

ကျောင်းဆင်းချိန်

ကျောင်းဆင်းချိန်


ဖြားယောင်းသွေးဆောင်သွားခြင်းမျိုး မဟုတ်ပါဘဲ...
ငါတို့လိုက်ပါသွားကြရမှာ...
အဲဒါ... ရာဇ၀င်သစ်ရေးသားကြဖို့သက်သက် မဟုတ်ကြဘူး
ထူးခတ်ထားတဲ့ဝတ္တရားသက်သက်ကြောင့်လည်း မဟုတ်ကြဘူး
ရူးသွပ်မသွားခြင်းရဲ့သက်သေလည်း မဟုတ်ပြန်ဘူး
ကမ္ဘာဦးတည်းက ဖြစ်တည်လာခဲ့တာ...
ဘယ်မှာလာ... လွန်ဆန်ဝံ့လို့လဲ
ယုံတယ်လေ...
ကျုပ်တို့တွေဟာ...
မဟာသူရဲကောင်းတွေမဟုတ်ခဲ့ကြတောင်မှ
နောက်ဆုတ်လှည့်ပြန်ခဲ့ကြမှာ မဟုတ်ဘူးဆိုတာ
ဒါပေမယ့်...
အနာဂတ်ကိုဖွဖွဆုပ်ကိုင်...
ပိုင်ဆိုင်ချင်တဲ့ဆန္ဒတစ်ခုတည်းနဲ့တင်
ကျုပ်တို့ ရာဇ၀င်တွေစွန်းပေရစ်ခဲ့တော့မယ်
အပြီးသတ်ဆေးခြယ်လိုက်ကြပါကွဲ့...
မကြာခင်တိုက်ပွဲစတော့မှာလေ...
သူရဲကောင်းတို့ရေ...
ကျုပ်တို့တွေရဲ့နှလုံးသားများ
ဘာတွေနဲ့များ... ထုဆစ်ပုံသွင်းထားခဲ့ကြမလဲ... ။


မနော်ဟရီ
၁၉၉၅
Manor Hary

ကလဲ့စား

ကလဲ့စား



ကျဆုံးခန်းပေါ့ ...
ကယ်တင်လိုက်ရ
အားနာပါးနာ ... ။
တကယ်တမ်းက
အရသာခံကြည့်ချင်တာပါ
ဒါပေမယ့်...
သမင်တွေ...
ရေထင်တာလည်းမပြောနဲ့လေ...
တံလျှပ် ဆိုတာ
နွေ မှာမှ ရှိတာမဟုတ်ဘူး
အဲဒီ... ဦးခေါင်းကြီးထဲမှာလည်းရှိတယ်...
သုံးရာသီအပြုံးနဲ့
ရေ ထင်ရတဲ့ ကယ်တင်ရှင်ကြီးလုပ်ခဲ့တာလေ ... ။
အားနာမနေပါနဲ့
ငါနိုင်ခဲ့တာ
သေချာပါတယ်... ။


မနော်ဟရီ
၀၈.၀၄.၁၉၉၅
Manor Hary

တစ္ဆေမရှိတဲ့တိုင်းပြည်

တစ္ဆေမရှိတဲ့တိုင်းပြည်



လမ်းကြောင်းတွေကို
အပေါ်စီးကကြည့်တတ်တဲ့
ငှက်တွေကလမ်းမှား... ။
လမ်းဝကိလမ်းကြား
ပြေးလွှားနေတဲ့ အကန်းတစ်သိုက်ကျ
ကံကောင်းလိုက်ကြပုံများ
ခလုတ်လည်း မရှိကြ
ဆူးလည်း မထိကြ... ။


မနော်ဟရီ
၂၆.၀၆.၁၉၉၅

သေသပ်ကျနစွာနေကြတ်သွားသောနေ့တစ်နေ့

သေသပ်ကျနစွာနေကြတ်သွားသောနေ့တစ်နေ့



ခပ်ညံ့ညံ့ရုပ်ရှင်ကားတချို့ထဲက...
နိမိတ်ပြ... ပြကွက်လို
ဖန်ခွက်တစ်လုံး ခွမ်းခနဲ ကျကွဲ...
ဖရိုဖရဲလွင့်စင်ကြေမွမှုဟာ
ကျွန်မကမ္ဘာဖြစ်လို့ ... ။
လျှပ်စစ်ဝကိးတစ်လျှောက်
စီးဆင်းလာတဲ့အသံ
သံသယ၀င်မိခြင်းပထမ
ကျွန်မ...
ယုံကြည်လို့မရခဲ့ဘူးပေါ့ ... ။
သိပ်သေချာခဲ့သတဲ့
ဆွဲအားမဲ့သွားတဲ့ကတ္တရာလမ်းမရဲ့အနက်ထည်
ဘယ်တော့မှပြန်မရနိုင်တဲ့ဆုံးရှုံးမှု
တစ်စုံတစ်ခုမှ မှာကြားမသွားတဲ့သူငယ်ချင်း...
ကျွန်မရင်တွင်းမှာ စစ်တွေခင်းလို့
သူငယ်ချင်းကို ပြန်လုနေမိတယ်
ဘယ်လိုစာတန်နတ်ဆိုးကများ
လှည့်စား... ခြေမွ... ထားခဲ့ကြတာပါလိမ့်။
ပျစ်ပျစ်နှစ်နှစ် ဆဲရေးပစ်လိုက်ဖို့
တံခါးအဖွင့်မှာ...
အဲဒီမိုးတွေက...
ရွာလို့ကောင်းတုန်း...
ပျစ်ချွဲချွဲ...
အဖြူရင့်ရောင်မိုးစက်များ
ဒရဟောသွန်းကျဲရွာချ
နတ်ဆိုးတစ်ပါးအမူးလွန်အန်ချလိုက်သလို
မိစ္ဆာအလိုတွေပါ
ရောနှောပါလာခဲ့တော့တာပေါ့... ။
ကီးလျော့ဂစ်တာတစ်လက်ရယ်
အသစ်စက်စက် ခန္ဓာဗေဒစာအုပ်ရယ်
ကဗျာတွေအပေါ်ချစ်တဲ့ အချစ်ရယ်
တစ်ဝက်စီပိုင်ဆိုင်ထားတဲ့အနာဂတ်ရယ်
သားပျောက်တေးနဲ့မိခင်ရယ်...
ကြောက်မက်ဖွယ်ရာ အမှန်တရားရယ်
အလန့်တကြား...
ကျွန်မ ငိုမိတာ... ဆန်းလား... ။
ပဲခူးကောလိပ်အလွန်လေးသံကြိုး
အစိုးမရတဲ့မိုးရယ်
ပန်းတစ်ပွင့်မှမကျန်တဲ့
ပါးလျတာယာအိုရယ်
ဆွဲအားမဲ့အနက်ထည်လမ်းမကြီးရယ်
ပြီးတော့... တာဝန်မဲ့အရက်တစ်ခွက်ရယ်
ငယ်အိပ်မက်တွေအားလုံးလွင့်စင်ကွယ်...
ကျွန်မသူငယ်ချင်းဝိညာဉ်... ငိုရော့မယ်... ။
သေသပ်ကျနစွာ နေကြတ်သောနေ့တစ်နေ့
မိုးသားတိမ်လိပ်တို့ တရိပ်ရိပ်ပြိုကျ
ကျွန်မရဲ့မိုးရေစက်တွေ...
မင်း ရေ...
မိုးစစ်စစ်တွေက ခုမှရွာတာ... ။

မနော်ဟရီ
ရွှေဝတ်မှုန်၊ နိုဝင်ဘာ၊ ၁၉၉၅။
Manor Hary

ပွဲကြည့်ပရိသတ်

ပွဲကြည့်ပရိသတ်



အဲဒီ... အနာတရကောင်းကင်ပြင်နဲ့
ဟောဒီ... တစ်လမ်းသွားဟိုင်းဝေးလမ်းမကြီးရဲ့
ဆက်စပ်မှုခပ်မွဲမွဲမှာ...
ငါဟာ... ကျောခင်းခံပေးထားတဲ့
တံတားအိုတစ်စင်းပေါ့ ... ။
အခြေမခိုင်တဲ့တိကျမှုတွေနဲ့ဖွဲ့စည်း
အခန့်မသင့်ထူးခတ်ခံလိုက်ရမှုမှာ...
ငါဟာ... တံတားတစ်စင်းဖြစ်ခဲ့တာကွဲ့...
ချစ်သူရယ်...
မင်းရဲ့ခြေလှမ်းဖွဖွလေးတွေနဲ့
ဖြတ်သန်းလျှောက်နင်းသွားလိုက်စမ်းပါ ... ။
ငါ့ရင်ဝပေါ်ဖြတ်သန်းသွားရင်း...
ပျော်ရွှင်ရယ်မောသံတွေကြားခဲ့ရ
ငါ့မှာတော့ လိုက်လံတုပလို့ ကောင်းတုန်းပါပဲ...
ငါ့ရင်ဝပေါ် ဖြတ်သန်းသွားရင်း
ခြေသံပြင်းပြင်းနဲ့ နင်းလျှောက်သွားခဲ့ကြ
ငါ့မှာတော့... ခန္တီစတွေများများလာခဲ့
ငါ့ရင်ဝပေါ်ဖြတ်သန်းသွားရင်း
သံစဉ်တေးချင်းတွေဖြစ်တည်သွားကြ
ငါ့မှာတော့ မျက်ရည်စတွေစွတ်စိုလာခဲ့
ငါ့ရင်ဝပေါ် ဖြတ်သန်းသွားရင်း
........... ............ ...........
ကြည့်ကောင်းကောင်းနဲ့မဟုတ်ဘူး
မဖြစ်မနေမျက်ဝန်းတွေရဲ့တည်ရှိရာ
ငါ့ရင်ဝဟာဖရိုဖရဲနဲ့
ကောင်းကင်နဲ့လမ်းမအကြား...
ငါ... ဘာလို့များ...
တဖြည်းဖြည်းမှုန်ဝါးမသွားရတာတဲ့လဲ ... ။
ရင်ဝမှာ...
သံချွန်တွေစိုက်ခင်းဆက်စပ်ထားတာတောင်
နှောင်ကြိုးတွေက တည်းတည်းလေးပဲကျန်တော့တယ်...
ယိုင်နဲ့ပြိုလဲလုလုနဲ့...
သက္ကရာဇ်များစွာ ...
.....................
ပြင်ဆင်ခွင့်ကလည်း မရှိ
ရင်ကလည်းမချိတော့
ဘယ်အချိန်ကားလိပ်ချမလဲဘဲ...
ရင်တမမနဲ့ကြည့်နေရတော့တယ်။

မနော်ဟရီ
(၁၉၉၅)
Manor Hary

အိပ်စက်ခြင်းခရီးရှည်၏အစ

အိပ်စက်ခြင်းခရီးရှည်၏အစ



အာရုံတွေကေ၀၀ါးလို့
မျှော်လင့်ခြင်းတွေကအေးစက်
ခပ်သွက်သွက်သွားနေတဲ့နေ့ရက်များ
တားဆီးရပ်တန့်ထားချင်သလိုလို
မြန်မြန်ပဲကုန်ဆုံးစေချင်သလိုလို... နဲ့
ဘ၀တစ်ခုရဲ့အဆုံး
ဘယ်လိုနိဂုံးချုပ်ခဲ့ရမလဲ.... ။
ချစ်ခင်ခြင်း၊ တွယ်တာခြင်း၊ သံယောဇဉ်
သည်မြေပြင်ထက်ကျန်ရစ်
မေ့ပစ်လိုက်ကြမှာလည်း စိုးသလို
မေ့လို့မရကြမှာလည်း စိုးသလို... နဲ့
ရထားတစ်စင်းရဲ့ခရီးလမ်းဆုံးမြို့
တိတ်ဆိတ်လို့၊ ငြိမ်သက်လို့၊ အေးစက်လို့
အိပ်မက်တချို့ထဲကလို... ။
ကျွန်မသွားတော့မယ်
နှုတ်ဆက်ခဲ့တာလား
နှုတ်ဆက်လိုက်ရတာလား
နှုတ်ဆက်ချင်လို့များလား....
ဟင့်အင်း... တစ်ခုမှမဟုတ်ဘူး...
ကံတရားရေ...
စည်းဝိုင်းထဲမှာသာဆို...
ခင်ဗျားကို... အလဲထိုးခဲ့တယ်... ။
ကမ္ဘာမှာ
ဘယ်သူမှပုံဖော်လို့မရသေးတဲ့
ထာဝရရှင်သန်ခြင်း
ကျွန်မချဉ်ခြင်းဖြစ်မိသလား... (သံသယ)
ဒါပေမယ့်... ခုတော့...
အရောင်ပြယ်စပြုနေတဲ့
မပြီးသေးတဲ့ပန်းချီကား
ကျွန်မ လက်စသပ်သွားရဦးမယ် ... ။
ရင့်မှိုင်းမှိုင်းဆေးရောင်တွေရဲ့အဆုံး
ရော့ရဲသွားတဲ့စုတ်ချက်
ငြိမ်သက်သွားတဲ့မှတ်တိုင်
အရွယ်မတိုင်ခင်ကြွေလွင့်
ပန်းတစ်ပွင့်ရဲ့ဒဏ္ဍာရီ
အိုင်ထွန်းစီးဆင်းလာတဲ့ မျက်ရည်စက်
လမ်းတစ်ဝက်မှာပဲရပ်တံ့
ပျံ့လွင့်လာတဲ့ရှိုက်သံများ
ကျွန်မ၀ိညာဉ်အားနှိပ်စက်
အေးစက်တုန်ရီ
မပီပြင်တဲ့ခရီးဆုံးမြို့တံခါး
တအားဆွဲပိတ်...
ကျွန်မ... မျက်စိမှိတ်လိုက်ရပြီလေ။ ။


မနော်ဟရီ
Manor Hary

စက်တင်ဘာ

စက်တင်ဘာ



တော်သလင်းနေ... တဲ့
ပုစွန်တွေသေကြတာပေါ့ ... ။
စွတ်စိုမှုရာသီရဲ့အစွန်းနား
မျက်ရည်တွေကို ကုန်စင်အောင်ခါချ
ဘာမှမသိသလို ရှေ့ကို ခရီးဆက်ဖို့တာစူ
နောက်ဆုံးပြာကျနေတဲ့ ဆည်းဆာရိပ်မှာ
ဆူးမဲ့နှင်းဆီတွေဟာရှင်သန်
ပြန်မလာတော့မယ့်
သူ့ရဲ့ရနံ့တွေအကြောင်း... သီချင်းဖွဲ့ဆို... ။
အလို...
ဟိုကလာနေတာ...
ငါ့ညီအစ်ကိုတော်တွေမဟုတ်လား
အင်္ကျီတွေပေါ်မှာ နှင်းစက်တွေရွှဲရွှဲစိုလို့
မငိုကြပါနဲ့
ငါ... ပြန်လာတဲ့အခါ...
ဝမ်းသာအားရ ဝကိမယ့်သူတွေ
တစ်တောလုံး တစ်တောင်လုံး
ရှိနေရဲ့ ။


မနော်ဟရီ
စာပေဂျာနယ် 96
Manor Hary

မေ

မေ


နေတစ်စင်းထဲမို့သာ
ငါ့မှာတော့...
ရက်စက်စွာလောင်ကျွမ်းခံခဲ့ရပေါ့။
ခြောက်သွေ့ကွဲအက်
ပတ်ကြားအက်တွေက
စိတ္တဇဆန်ဆန်လှပလို့ ...။
အားရပါးရအော်ဟစ်
ငိုကြွေးပစ်လိုက်တော့မယ်
ကြားလား ...........
နာကျင်မှုရဲ့တော်လဲသံ
မခံမရပ်နိုင်တဲ့ အုံ့ဆိုင်းဆိုင်းမျက်နှာပြင်
မကြာခင်
မျက်ရည်တွေကျလာတော့မယ်။ ။


မနော်ဟရီ
၁၅.၀၂.၁၉၉၆
Manor Hary

ကျဆုံးခြင်း

ကျဆုံးခြင်း



အသံများ
အားပျော့ပျက်စီးသွားခဲ့သည့်တိုင်
ပဲ့တင်ထပ်ကျန်နေနိုင်ရန်
တောင်နံရံနှစ်ခုကြားရောက်နေခဲ့တဲ့
ငါ့ရဲ့အပြစ်သာပ ... ။
သဘာဝ တဲ့
ဘေးကျပ်နံကျပ်ဘ၀ထဲရောက်နေတော့မှများ...
အားနာပါးနာ ...........
မကြာခဏသံယောင်လိုက်ရပါများတော့
တောင်နှုတ်ခမ်းပါးတွေကိုတောင် အားနာလာတယ်။
ပဲ့တင်သံများ
ကုန်ဆုံးပျက်သုဉ်းသွားခဲ့သည့်တိုင်
မနေနိုင်မထိုင်နိုင်ဦးနှောက်ကြီးက
သိုမှီးထားခဲ့တဲ့
နားရည်ဝအသံများ
ပန်းချီပြပွဲများလို... ။

အလို....
ဘုရားသခင်ငဲ့
ကောင်းချီးနှစ်ခုပဲပေးခဲ့ပါ... ။
နှလုံးသားနဲ့
အဆက်ဖြတ်ထားတဲ့ မျက်ဝန်းတစ်စုံ
ရင်မခုန်သာရုံလေး...
ဦးနှောက်ကြီးနဲ့
ပွဲကြီးပွဲကောင်းဖြစ်ထားတဲ့ နားတစ်စုံ
မထုံတတ်သေးဖြစ်ရုံလေး... ။

မနော်ဟရီ

ဟန်သစ်၊ ဂျူလိုင်၊ ၁၉၉၇။
Manor Hary

မီးပြတိုက်အလွန်

မီးပြတိုက်အလွန်



အလင်းမဲ့ယိုင်လင်းတန်း
ငါ့ခန္ဓာကိုယ်ကို
ထွင်းဖောက်ဖြတ်သန်းသွားတယ်။
ကြားနေကျအသံတွေရဲ့မြင်ကွင်း
သိပ်မရှင်းလင်းချင်တော့ဘူး ... ။
ပုံမကျပန်းမကျနဲ့သဘာဝကြီးကို
ထုဆစ်ဖို့ ကြိုးစားခဲ့တဲ့
ငါ့ရဲ့အပြစ်သာပ ... ။
အဲဒီသစ်ပင်တွေကို ငါစိုက်ခဲ့တာ မဟုတ်ဘူး
အဲဒီမိုးရေစက်တွေ ငါ့ကြောင့်ရွာတာ မဟုတ်ဘူး
အဲဒီမြူတွေ အုံ့ဆိုင်းပိတ်ဆို့နေတာ ငါ့ကြောင့် မဟုတ်ဘူး
အဲဒီ နေ ပူလောင်ခြောက်သယောင်းစေတာ ငါ့ကြောင့်မဟုတ်ဘူး
ဘာဆိုဘာမှ ပြုပြင်ဖန်တီးဖို့
မစွမ်းခဲ့တဲ့ ငါ... ပါကွယ်။
ကံကြမ္မာ တဲ့
ဓားစာခံသက်သက်ကောင်ပေါ့
ပစ်ပေါက်ခံထားရတဲ့ ဓားချက်တွေ
ပြင်းထန်တဲ့လက်သီးချက်တွေပြည့်နှက်
သွေးပျက်နေတဲ့ကြားထဲက
ကြီးမားနေသေးတဲ့ ခန္တီစ...
ငါ... အံ့သြမနေတော့ပါဘူး ... ။
ရာစုနှစ်တစ်နှစ်ကို
သွေးရိုးသားရိုး ပြုစားချင်ခဲ့သူပါ
စကြ၀ဠာရဲ့အမြင့်ဆုံးလမ်းမှာ
ပျံသန်းရင်းတေးဆို
သံလွင်ခက်ငိုတဲ့ညတွေ
ကုန်ပါစေတော့ ... ။


မနော်ဟရီ
၀၅.၀၆.၁၉၉၆
Manor Hary

အများကပြောတဲ့မိုက်မဲခြင်းတွေရယ်

အများကပြောတဲ့မိုက်မဲခြင်းတွေရယ်


အိမ်ကလေးရယ် ... ငါရယ် ...
အမြင်မဲ့
ယိုင်နဲ့နေခဲ့တဲ့ငါ့အိမ်ကလေး
ကျားကန်ခြင်းမဲ့ ... ။
အများကပြောတဲ့
မိုက်မဲခြင်းတွေကိုသာ
အိမ်ကလေးရဲ့ပတ်ပတ်လည်မှာ
ဆင့်စီထားခဲ့ရ
ငါ့ဦးခေါင်းကတော့
ဘာမဆိုပြေးတိုက်ပစ်လိုက်ဖို့
မာနတွေနဲ့ မာကျောနေခဲ့။
အိမ်ကလေး...
ငါ... အဝေးကြီးထိ
ခရီးဆက်ရဦးမှာ ...
ရာသီဥတုဒဏ်တွေ နတ်ဆိုးတွေရဲ့အမှောင့်ပယောဂတွေ...
အမြဲစိမ်းသစ်တောကြီးတွေ ... လက်ညှိုးတွေ...
အများကြီးဝကံရဦးမှာ ...
ငါ့မှာကာရန်ပေးစရာဆိုလို့
အများကပြောတဲ့ မိုက်မဲခြင်းတွေသာရှိရဲ့။
မင်း... မမြင်ရတဲ့အိပ်မက်တွေနဲ့
ငါ... လောကကို မေ့လျော့နေမိတဲ့အခါတိုင်း
ညစာမဲ့... နေရောင်မဲ့ ... မင်းအတွက်
ငါ့အိပ်မက်တွေဟာ ဆေးဖက်မ၀င်နိုင်တဲ့အခါတိုင်း
မိုးစက်တွေ ... ကံ့ကော်ရနံ့တွေ
စိန်ပန်းကြွေတွေ... ရေတမာတွေကြား

ငါ... နာဖျားနေတဲ့အခါတိုင်း...
အများကပြောတဲ့
မိုက်မဲခြင်းတွေရဲ့အဆိပ်သင့်တဲ့ဒဏ်
ငါခံရတိုင်း...
အများကြိုက်စကားလုံးတွေနဲ့
မင်းကို ...
ကျားကန်မပေးနိုင်ခဲ့တာ
ခွင့်လွှတ်ပေးခဲ့ပါ ... ။
လောကမှာ ဘာအလိုအပ်ဆုံးလဲ ...
သိက္ခာ
ပညာ
မာန
ဆောက်တည်ရာမရ ရွတ်ဆိုနေခဲ့တဲ့
မေးခွန်းတွေလည်း ပျံ့ကျဲ
အိမ်ကလေးရဲ့ရင်ခွင်ထဲမှာ
လှဲကျင်းပစ်လိုက်ဖို့ရာကလည်း ... မဖြစ်နိုင်
ရှင်းလင်းပြဖို့ရာကလည်း မဖြစ်သေး
ရာဇ၀င်သစ်တွေ ပြောင်းပြန်ဖြစ်နေခဲ့ ။

အမှားအယွင်းတွေရဲ့သားကောင်
အမှန်တရားရဲ့နောက်တော်ပါး
ပါးနပ်မှုရှိရက်နဲ့ အသုံးမချသူလေ ...
ခုတော့လည်း ...
သုံ့ပန်းလုံးလုံးကိုဖြစ်လို့ ... ။
ရွက်ကြွေတွေလို
ဦးတည်ရာမဲ့လွင့်မျောပစ်လိုက်ချင်ရဲ့
ဒါပေမယ့် ...
ယိုင်နဲ့နေသေးတဲ့
ငါ့အိမ်ကလေးကို
ငါဘယ်လိုပစ်ခွာသွားရက်ပါ့မလဲ...
အများကပြောတဲ့
မိုက်မဲခြင်းတွေသာ
ခရီးရှည်နေခဲ့ပေါ့ ... ။
ခုဆိုရင် ...
ငါရယ် ...
ငါ့အိမ်ကလေးရယ်
အများကပြောတဲ့ မိုက်မဲခြင်းတွေရယ်
အများကပြောတဲ့ မိုက်မဲခြင်းတွေရယ်
ငါ့အိမ်ကလေးရယ်
ငါရယ် ......
မိုင်ပေါင်းများစွာ ....
ရာစုများစွာတိုင်ထိ ။

မနော်ဟရီ
Manor Hary

မြစ်ကျဉ်း

မြစ်ကျဉ်း


စားပွဲခုံတွေက ...
သီချင်းမဆိုတတ်ကြဘူး
တိတ်ဆိတ်စွာ တောင့်တင်းနေကြ။

နံရံထက်ကပန်းချီကားများ
ဆွံ့အသွားခဲ့ကြပေါ့

ပြေးလွှားဆော့ကစားနေတဲ့ကလေးငယ်များ
အိပ်မောကျနေ...

ကျေးငှက်တွေ
နယ်နှင်ဒဏ်ခံရတဲ့တစ်နေ့ ... ။

အဲဒီတစ်နေ့
ခြောက်သွေ့လိုက်ပုံများပြောပါတယ် ...
ငါ့မျက်ဝန်းညိုမှာ
မြူတွေတောင်ဝန်းခိုလို့ ... ။


မနော်ဟရီ
၁၆.၀၅.၁၉၉၆
Manor Hary

ဒဏ္ဍာရီ (၁၃)

ဒဏ္ဍာရီ (၁၃)


မြေနဲ့လုပ်တဲ့ကောင်းကင်တစ်ခုလို
လင်းညိုပြဖို့ရာ
ကျောက်ဆစ်စကားလုံးတွေ
တစ်ဖူးတလေမှတောင် မကျန်ဘူး။
ဖုန်းဆိုးရင်တလင်းတစ်ခုလုံး
မြူခိုးတွေ တ၀ုန်းဝုန်းတောက်လောင်
အမှောင်ရူးရူးတွေကသာ
သစ္စာရှိစွာတောက်ပနေခဲ့ ။

ဝင်္ကပါကိုမုန်းရင်း
လိပ်စာပျောက်ဆုံးနေတဲ့ ချောက်ကမ်းပါးလေးမှာ
ဇန်န၀ါရီလေတွေထန်လို့...
(ခုန်ချလိုက်ဖို့ကလည်း)
ကြာမြင့်စွာ
အခက်ချိုးရင်း.... အရိပ်နေခဲ့သူများ
အရှေ့မျဉ်းဖြောင့်အတိုင်း သွားနိုင်ပါစေ။

နေခဲ့ရသူပဲကွယ်
အကွဲကွဲအကြေကြေ .... ဖြေသိမ့်တတ်ပါတယ်။


မနော်ဟရီ
ဟန်သစ်၊ အမှတ်စဉ် ၊ ချယ်ရီ ၂၀၀၀
Manor Hary

ပဟေဠိအင်္ကျီိကိုဝတ်ထားတဲ့နေ့

ပဟေဠိအင်္ကျီိကိုဝတ်ထားတဲ့နေ့



မမုန်းချင်လောက်အောင်မုန်းတဲ့သူပါပဲ
ဒါပေမယ့်...
မာယာအခင်းအကျင်းအတုတွေထဲမှာ
နစ်ဝင်ပျောက်ဆုံးမသွားစေချင်သေးဘူး
ရင်ထဲကလရောင်စစ်စစ်တစ်ပွင့်စာ
လောက်ကိုပဲ မျှဝေပေးခဲ့စမ်းပါ
အနာတရတွေအားလုံး
ကျုံးသွင်းပေးထားလိုက်ပါ့မယ်။

ခုတော့
ခင်ဗျားရဲ့ဟင်းလင်းပြင်ကြီးတစ်ခုလုံး
ဝရုန်းသုန်းကားနဲ့ တိတ်ဆိတ်နေတာ
ပဟေဠိပါပဲ။

တဖျပ်ဖျပ်
နေ့ရက်တချို့ရဲ့အိပ်တန်းတက်တောင်ပံ
ခတ်သံပြန်ကြားနေရ
ကြယ်အိုရောင်မွှေးမွှေးနဲ့
တေးသီချင်းတစ်ပုဒ်အတူဆိုဖို့ ချိန်းထားတဲ့နေ့
ဆောက်တည်လက်စ... မြို့ပျက်ကြီးရဲ့ဝင်ရိုးစွန်းတစ်ဖက်မှာ
ငါ...
နေရောင်ခြည်တွေကို တမေ့တလျော့
ပြီးတော့ ...
အိပ်မောကျဖို့ကလည်း စောနေသေးတယ်။


မနော်ဟရီ
Manor Hary

သိဟ်ရာသီရဲ့နောက်ဆုံးနေ့

သိဟ်ရာသီရဲ့နောက်ဆုံးနေ့



နှင်းငွေ့တွေဝေနေတဲ့လမ်းကလေး
သူ့တစ်ကိုယ်တည်းအဝေးကိုငေး... လို့။
ဆိုင်းမှိုင်းဖျော့တော့လွန်းပေမယ့်
မြို့ကလေးရဲ့ကဗျာဆိုတာ
အဲဒီနေ့မှာ... ရှိခဲ့တယ်။

နားလည်မှုတွေ တနင့်တပိုးထမ်းထားရတဲ့
ကိုယ့်ကမ်းပါးကလေးပေါ်မှာ
မုတ်သုန်မိုးတွေတဖွေးဖွေးရွာခဲ့ ... ။
တကယ်တမ်းကျတော့
မုန်တိုင်းတွေကိုဟားတိုက်မောင်းထုတ်ပစ်လိုက်ရတာ
ခါးကျင်လွန်းလှပါတယ်

နာရီတွေသေဆုံးမြဲသက္ကရာဇ်တွေထဲ
သွေးအေးသတ္တ၀ါလိုယောင်ဆောင်ခွေခေါက်
ခရီးမရောက်သေးတဲ့လမ်းကလေးလေ...
ခုထိ... နေမြင့်နေဆဲ ... ။

မနော်ဟရီ

ဗျူးတီး၊ ၂၀၀၀။
Manor Hary

ပင်လယ်မှောက်တဲ့လှေ

ပင်လယ်မှောက်တဲ့လှေ


သစ္စာနဲ့ဝေးခဲ့လို့ ... တဲ့။
ဘယ်လိုမှဆေးဖက်မ၀င်နိုင်တော့တဲ့ နွယ်မြက်သစ်ပင်တွေ
တရွေ့ရွေ့ရွာသွန်းပေါက်ရောက်လာကြ
ကျွန်မရဲ့ဆောင်းရာသီ ယာခင်းကလေး
ပေါင်းပင်တွေနဲ့ တအိအိညွှတ်ကွေးနေခဲ့။
နတ်ဝှက်ခံထားရတဲ့ မယ်ဇလီပွင့်လေးများ
ကြေးစားမဆန်တဲ့ လရောက်အောက်မှာ ယိမ်းနွဲ့လဲ့ဝါ။
ဆေးပေါင်းမခခင်မှာပဲ အဆိပ်ပေါင်းခခဲ့ရလို့
ကျွန်မရဲ့တန်ဆောင်မုန်းလပြည့်ညလေး
ကိုယ်ပိုင်မေးခွန်းတွေနဲ့ လန့်နိုးခဲ့ရ ။
ဆုတောင်းတိုင်းရတတ်တဲ့အရာတွေထဲမှာ
ကတိသစ္စာ မပါဘူး
လက်မှတ်တွေအပြည့်ထိုးထားတဲ့စွယ်တော်ပင်က
လောကအဖို၊အမအကြောင်း ပြောပြတယ် ။
ယတြာချေဖို့တစ်ခုပဲ ကျန်တော့တယ်
ဒါမှမဟုတ်
ဒါဟာ ဘုရားသခင်ရဲ့အလိုတော်ပါ လို့ ၀န်ခံလိုက်ရရင်ကောင်းမလား
ကိုယ့်ကိုယ်ကို မကြားတကြား ရယ်မိတာများပြီ။
ဖြေသိမ့်လိုက်ပါတယ်
တစ်ခါတစ်ခါ... ဘ၀ဟာပျင်းရိမနေဖို့
ဝှက်ဖဲတစ်ချပ်တော့ လိုလိမ့်မယ်... လို့။


မနော်ဟရီ

မုခ၊ ဒီဇင်ဘာ၊ ၂၀၀၁။
Manor Hary

ဇာတ်ညွှန်း

ဇာတ်ညွှန်း



တိမ်တွေပြိုကျလာပုံကဆန်းတယ်
ဒီနေ့ဟာ တနင်္လာနေ့တစ်နေ့ပဲ
တနင်္ဂနွေဆီကို တစ်ကွေ့တစ်ပတ်ကြီး ပြန်လျှောက်ရဦးမှာ
တစ်နေ့ချင်း... တစ်နေ့ချင်း... နောက်ကျနေရဦးတော့မယ်။
ကောင်းကင်က... ခြစ်ခြစ်တောက်အုံ့ဆိုင်းနေတယ်
ဧကရာဇ်ပွင့်ကြွေတွေကို သိမ်းထားရရင်ကောင်းမလား
ဖားလျားဆံနွယ်ရှည်တွေက နွေကိုယက်ဖောက်ရင်း
စက်တင်ဘာတေးချင်းကိုဆိုလို့ ။
မာယာပျို့ပျို့တွေကို ပြုံးပြလိုက်ဖို့ မေ့နေတဲ့ညနေ
စာတွေရေးရေးပြီးမထည့်ဖြစ်ခဲ့တာပါ
မနက်ဖြန်ခါဆီသွားမယ့်လူကြုံ

သူက ... နေအစုန်ကို စောင့်နေသေးသတဲ့ ။
နောက်ဆုံးဇာတ်ဝင်ခန်းရောက်ပြီ
ဘ၀ကိုခွဲစိတ်ကုသဖို့ လျှောက်လွှာတင်ထားတဲ့နေ့
ရောင်ခြည်ဟာ... နှင်းကိုမခွဲနိုင်တာလား
ထွက်ကို မထွက်လာသေးတာလား
.... .... .....
အဲ့ဒီနံနက်ခင်းကဖြင့် ခုထိမီးမလာသေးဘူး။


မနော်ဟရီ

၃၀.၀၆.၂၀၀၀

အတိတ်

အတိတ်


ဆောင်းစက်လက်ခိုနေတဲ့နန်းတော်
မကျော်ကြားခဲ့တဲ့သူရဲကောင်းများ
ချောက်ကမ်းပါးခြားနေတဲ့ ညနေရီတွေ
ခုတော့... ကြေကွဲမှုတွေက... ပိုးစိုးပက်စက်။
မိုးဦးပေါက်ရင်...
ကျိန်စာဖတ်မုန်တိုင်းတချို့ ရောက်လာလိမ့်မယ်...
လွယ်လွယ်နဲ့ ကြွေတတ်တဲ့ စံပယ်တွေထဲမှာ သူ မပါဘူးတဲ့
အရုဏ်ဦးကို ဖွဲ့ဆိုရင်း ညဥ့်နက်ခဲ့ရတဲ့အကြောင်း
ထောင်းထောင်းထအောင်ပြောလို့... ။
သွားစို့
နှစ်ချို့ရာဇ၀င်တွေကို မတူးဖော်မိစေနဲ့
စတုတ္ထမြောက်နေ့ရက်တွေကို မုန်းတယ်
သောကြာရထားစီးလာတဲ့ (၁၃) နာရီ
မိန်ရာသီရဲ့နောက်ဆုံးနေ့တစ်နေ့
ခရီးစဉ်မေ့နေတဲ့လက်မှတ်နှစ်စောင်
တောင်စဉ်တွေအထပ်ထပ်ခြားသွားခဲ့ကြပြီ။
ခြေလှမ်း(၉၀)အလွန် ရက်စွဲများ
နှင်းစက်ပိုးမျှင်တွေကြားက၊ ကချေသည်
ကျွန်မ ရှိုက်ရယ်နေမိလေသလားမသိ ။


မနော်ဟရီ

စတိုင်သစ် ၊ ဂျူလိုင်၊ ၂၀၀၂။

နေကွယ်ရထား

နေကွယ်ရထား



အမှတ်မထင်ပါဘဲ ကံ့ကော်ဝတ်ဆံတွေက ၀ါခဲ့ကြတယ်
နေကွယ်တိုင်း ညှိုးရော်ပေးရတဲ့အထဲမှာ ငါ့လိပ်ပြာတွေ မပါဘူး။
ထူးခတ်ခံထားရတဲ့ ငါ့ရင်ဘတ်တစ်ခြမ်းကို
ငုံ့ကြည့်သံဝေဂရ နောင်တဆိုတာတော့ မရှိခဲ့ဘူး။
ဆိတ်ဖလူးပွင့်တွေကြွေတဲ့နံနက်ခင်းမှာ
မပွင့်ဖြစ်ခဲ့တဲ့ ရနံ့တွေကိုပြန်ကောက်
ကိုယ့်စိတ်ထဲမှာပဲ ကိုယ်ပြန်လမ်းလျှောက်ခဲ့တယ်။
ငါ့လက်နဲ့ မဆောက်ခဲ့တဲ့တောင်တန်းကို
ငါ... မဖြန်သန်းချင်တာ ဆန်းသလား ။

(ခွဲခွာခဲ့ရတဲ့နေ့ကစလို့)
ချစ်သောတစပြင်လေးမှာ ကဗျည်းပြာရီတွေလွင့်ဝေ ။
ဘာတတ်နိုင်ဦးမှာလဲ
ဟိုးမှာ... အမှောင်ဖြူဖြူတွေက မြူးလွင့်နေတယ်။
နောက်ဆုံးတော့...
ရထားက ဘူတာရုံကိုထားပြီး ထွက်ခွာသွားရရဲ့
ဥသြသံရယ်၊ ဖိနပ်ကလေးတစ်ဖက်ရယ်... စကားပွင့်လေးတွေရယ်
မိုးရွာပြီးကျန်ခဲ့တယ်... ။


မနော်ဟရီ

ကလျာ၊ ဒီဇင်ဘာ၊ ၂၀၀၂။
Manor Hary

တစ္ဆေလွမ်းတဲ့အိမ်

တစ္ဆေလွမ်းတဲ့အိမ်



အတောင်စုံပြီလား
အမြဲစိမ်းဂီတတွေနဲ့ ငါ့ရဲ့လွင်ပြင်ဝါကလေးရေ...
အလွမ်းတွေနဲ့မာကျောမတ်စောက်နေတဲ့ကမ်းပါးပေါ်မှာ
တပ်မက်သူမဲ့အက္ခရာများ လွန်းထိုးပျံသန်း
ခြေထောက်ရဲ့ဇက်ဝကိးကို နိုင်နင်းပါလျက်နဲ့
လမ်းမှားခဲ့ကြရတယ်။
သန့်သက်အောင်ခါချခဲ့တဲ့မျက်ရည်စက်တွေ
ခရီးသွားတောင်တန်းပြာတွေနဲ့ရောယှက်
အဆိပ်ခွက်တစ်ခွက်ကတော့ ဖိတ်စင်သွားခဲ့ရပြီ
ညီခွင့်မရခဲ့ကြပါဘူး
ဆူးရစ်သဖူတစ်ခု၊ ကားတိုင်တစ်ခု၊ ပုန်းရည်တစ်ခွက်နဲ့
ထွက်ပေါက်မဲ့ဝါကျတွေကသာ
ဆွေးမြေ့ရင့်အိုလို့ ။
နေသားကျခွင့်တွေကတော့ အလိုမတူဘဲ တဖွေးဖွေးရွာကျလာခဲ့ပြီ
အမိုးအကာမဲ့ ခိုက်ခိုက်တုန်အားတင်းရင်း
နံနက်ခင်းပြတင်းပေါက်တွေကို တစ်ပေါက်ပြီးတစ်ပေါက်
အရူးတစ်ယောက်လို လိုက်ဖွင့်နေခဲ့မိတယ်
ဘယ်လိုမှဆောက်တည်လို့မရတဲ့အတူတူတော့
မြက်ခင်းလေးတွေစိမ်းနေပါစေလေ
တစ်ခုပဲ မှတ်ထားပေးပါ
တစ္ဆေတွေလည်း လွမ်းတတ်ကြပါသေးတယ်။ ။


မနော်ဟရီ

ချယ်ရီ၊ သြဂုတ်လ၊ ၂၀၀၂
Manor Hary

တိမ်ပြိုရာသီ

တိမ်ပြိုရာသီ



အလွမ်းတွေအုပ်ဖွဲ့ ပျံသန်းလာတာကိုမြင်ရရဲ့
လမ်းလွှဲခွင့်မရှိတော့တဲ့ တောင်တန်းဟာ ငါပါ
အနာဂတ်တွေဟာ ငါ့အပေါ် လာရောက်ငြိတွယ်နေတဲ့ တိမ်တစ်စလိုပဲ။
မကြာခင် မျှော်လင့်ခြင်းတွေရွာချပေးခံရမယ်တဲ့လား
ငါ့ကိုအခြေကနေ တွန်းဖဲ့ထိုးကော်ပစ်လိုက်စမ်းပါ
တစ်ခါတစ်ခါ တချို့လူတွေအတွက်
သေခြင်း ဟာ အရသာသိပ်ရှိမှာပါ။


မနော်ဟရီ
Manor Hary

လက်တမ်းပုံပြင်

လက်တမ်းပုံပြင်



ရင်ကိုတောက်စားတတ်တဲ့ ဖဲပွင့်တွေအကြောင်းက စရအောင်
ချစ်တယ် ဆိုတာ တကယ်တော့ သေဆုံးခြင်းတဲ့
နားလည်သူတွေရဲ့ ခေါင်းတညိတ်ကိုပဲလက်ခံမှာပါ
အနာဂတ်ဟာ ဘာအက္ခရာမှ ရေးထိုးမထားတဲ့ စာရွက်တစ်ရွက်မှမဟုတ်ဘဲ
ခဲဖျက် ဆိုတာကလည်း ငယ်တုန်းပဲအသုံးဝင်တာ။

မသေချာဘူး ဆိုတဲ့လူတွေကို ပြုံးပြုံးကြည့်ရင်း
မျက်နှာကြောတွေတောင် တင်းလာလိုက်တာ
ကမ္ဘာဦးကျမ်းကြီးတောင် မြွေတစ်ကောင်နဲ့ အကြီးအကျယ်ပြဿနာတက်လို့
ငါတို့နောက်ဆုတ်ကြပါတော့လား
ကိုယ့်ကိုယ်ကိုယ်ပြောတာတောင် ကြားအောင်မပြောရဲတဲ့နောက်
ချောက်ကမ်းပါးဆိုတာလည်း ဂန္ထ၀င်ဂီတတစ်ပါးပဲပေါ့။

တစ်ခုပဲ.. တစ်ခုပဲ...
ဒီနေ့ထိ လူတွေအယူလွဲနေတဲ့ အချစ်အကြောင်းစစ်စစ် ကို
ဘယ်လိုလူကမှ သေချာမသိလေတော့
လက်တမ်းပုံပြင်တွေ
တလေတလွင့်ရေပန်းစားကျန်ခဲ့တာ မဆန်းပါဘူး။


မနော်ဟရီ

ရွှေဖူးစာ၊ အောက်တိုဘာ ၂၀၀၂။
Manor Hary

လက်အံသေခြင်း

လက်အံသေခြင်း



ကံကြမ္မာဆိုးတွေကိုပဲချချရေးရင်း
သီချင်းတွေတစ်စက်စက် ကုန်သွားတာ
သတိမထားမိလိုက်ဘူး
အလွတ်ကျက်ထားပြီးမှ ဆိုဖို့မေ့မေ့နေတတ်တဲ့အထဲမှာ
ဘုရားစာလည်း ပါ ပါနေတယ် မခက်ဘူးလား
ဘုရားသိကြားမလို့ ငါတို့ရင်ဘတ်တွေကိုစည်တီး
ကောင်းချီးပေးခိုင်းရဦးမယ်။
ရန်သူတွေအကြောင်းကို မေ့မေ့နေတတ်တော့
နောက်ကျောမှာ အမာရွတ်တွေများ များလာတယ်။
လေဟာနယ်တွေဟာ ကျန်းမာရေးကိုထိခိုက်စေတာသေချာသလား
ကဗျာတစ်ပုဒ်ကို ခပ်တိုးတိုးရေရွတ်နေလိုက်ပါ
တစ်ခါတစ်ခါ ဓားတွေဟာရှေ့ကလည်း လာတတ်ပါတယ်
လေတိုးသံတောင် မကြားလိုက်ရတတ်ဘူး။
အနာဂတ်တွေကို ဖိဖိရေးရင်း
နှင်းတွေက တင်းကြမ်းကျလာလိုက်တာ
ကံကြမ္မာတွေတောင် ဖွေးဖွေးဖြူလို့
ကျွန်မ ဘယ်လိုရာသီဥတုနဲ့များ
လာဘ်ပေးလာဘ်ယူ လုပ်ထားရပါ့မလဲ
ခုထိ ဝေခွဲမရနိုင်သေးဘူး။


မနော်ဟရီ၊ ၂၀၀၂
Manor Hary

Sunday, January 15, 2006

နှင်းစက်ရက်လွန်

နှင်းစက်ရက်လွန်



ရှုံးနိမ့်ခဲ့ရတဲ့ တောင်ကုန်းလေးရဲ့ခံတပ်စောင့်ဟာ... ငါပါ
ငါ့ရဲ့မြစ်ပြင်ကျယ်ကလေးကတော့... ဟိုးအဝေးမှာ
ဗေဒါတချို့ မြစ်ကျဉ်းတချို့နဲ့... ခပ်တိုးတိုးလေးစီးဆင်းလို့
တကယ်တော့...
လွင်ပြင်တွေဘယ်လောက်ပဲ ကာဆီးကာဆီး
ငါတို့ရဲ့ကောင်းကင်ပြာကတော့... တစ်ခုတည်းပါပဲ။
လရောင်ဖြာကျနေပုံကအစ အထီးကျန်ဆန်လှတဲ့ညတွေ
.......
အများကြီးပါ
တကယ်ဆိုရင်...
ပန်းရနံ့လေးပဲဖြစ်ဖြစ် သာသာယာယာကြားချင်မိတာပေါ့
အာရုံတွေကန်းနေတဲ့လူတစ်ယောက်ဖြစ်ခဲ့ရင်တော့ အကောင်းသား
ခုတော့လည်း...
လောကရဲ့ဆွံ့အမှုတွေကိုအဓိပ္ပာယ်ရှာ... သည်းခံတတ်ခဲ့ပါပြီ။
ငှက်ကလေးရေ...
နာကျင်နေတဲ့တေးတွေကို အလိုမကျစွာ သီဆိုနေတုန်းလား
သံစဉ်တစ်ခုရဲ့ ဂီတကို စည်းဝါးကျကျ မခံစားတတ်သူရယ်လို့ မရှိပါဘူး
တစ်ခါတစ်ခါတော့လည်း...
ကံကြမ္မာပတ်မသံဟာရင်ကွဲမတတ် ကျယ်လောင်လွန်းလှပါတယ်
ငါကတော့... ဆောင်းခိုငှက်ကလေးတစ်ကောင်ရဲ့ ဘ၀ဂီတကို
ဟိုအဝေးကနေစိတ်နဲ့
ကြားနာချင်နေမိတာတစ်ခုပါပဲ။
ပန်းချီကားတစ်ချပ်ရဲ့ သက်ဝင်မှုမျိုးလောက်နဲ့တော့
ငါ့ကိုမဖြားယောင်းပါနဲ့တော့...
ငြိမ်းအေးခြင်းတွေ ခုန်ဆင်းထွက်ကျမလာမယ့်အတူတူ
အဖြူရောင်တွေ အိပ်စက်နေပါစေလေ...
(မေမေ...အိပ်ရာဝင်ပုံပြင်တွေထဲက နတ်ဆိုးတစ်ပါးပါးများ
ခရီးထွက်ခဲ့သေးသလား... )
သံယောဇဉ် ဆိုတာ
တကယ်တော့ ရာသီဥတုလေးတစ်ခုသက်သက်ပါ
ဘုရားသခင်က တိတ်တဆိတ်ဖန်ဆင်းခဲ့တဲ့အရာပေါ့...
အရာရာအစစ မိုင်ပေါင်း(၅၀၀)မက ဝေးကွာသွားကြတဲ့အခါ
မရိတ်သိမ်းလိုက်ရတဲ့ ပျိုးခင်းဝါ၀ါတွေ...
ငါတို့ရဲ့တစ်ခုတည်း ကောင်းကင်ပြင်ကြီးအောက်မှာ...
ဒဏ္ဍာရီဂီတတွေနဲ့
ပင့်သက်လွင့်ဝေနေဦးမလား... ။
ညရေ...
အမှောင်ကဝေတွေ သေဆုံးသွားတော့မှာလား...
ဆောင်းညတွေရဲ့အမှားတွေ...
ငါ့ခံတပ်ကလေးမှာ... ကဗျာမဆန်စွာ... အတုံးအရုံးစုပုံလို့
ငါတို့...
ဘာလို့... နှင်းကျခဲ့ကြတာပါလိမ့်... ။


မနော်ဟရီ - မီးပြတိုက်အလွန် ကဗျာများ
ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၊၂၀၀၁-၂၀၀၂ နှစ်လည်မဂ္ဂဇင်း။

Search Keyword: Manor Hary

ဖြစ်တည်ဆဲပုံပြင်ဟောင်း

ဖြစ်တည်ဆဲပုံပြင်ဟောင်း


အလင်းတွေနဲ့ဖြစ်တည်ခဲ့သူဟာ... သက်တံသူပုန်ဖြစ်တယ်...
အမှောင်ကတော့ ခန့်ထည်နက်ရှိုင်း... သမိုင်းလည်းကြီးလေရဲ့။
အပျင်းပြေသီချင်းတစ်ပုဒ်ရဲ့လှောင်ရယ်သံနဲ့ ခပ်ဆင်ဆင်တူတဲ့ဂီတဟာ
ပြိုကျသွားခဲ့ရတဲ့... ငါ့အလင်းမြို့ကလေးရဲ့ ငိုညည်းသံဖြစ်တယ်... ။
တကယ်ဆို...
တောင်ခိုးတွေက...
မှိုင်းညိုအုံ့ဖွဲ့
နေခဲ့သင့်တာပေါ့... ။
မာယာဆိုတာကတော့ ကောက်ကျစ်စဉ်းလဲတဲ့မြေခွေးလိုပဲ...
ချိုတော့ ချိုပါရဲ့... ဒါပေမယ့်... ဟမ်းမလော့ပန်းဖြူတွေလိုပဲ...
သိရဲ့လား...
ဘုရားသခင်ကကော ဗြဟ္မာကြီးလေးဦးကကော မဖန်ဆင်းခဲ့တဲ့...
လူ့အန္ဓတွေ
မီးတောင်ပေါက်ကွဲသလို ဒရဟောသွန်းကျဲပေါက်ကျလာကြ...
ကောင်းကင်မှာ ပန်းမပွင့်တော့တာ ဆန်းသလား... ။
ဗျာဒိတ်တော်တွေ စွန်းပေငြိမ်းအေးနေတဲ့ညက...
ငါ့မြို့ကလေး...
အလင်းအုံ့ပျပျလေးတွေကို...
စစ်လျော်ကြေးပေးလိုက်ရလေရဲ့။


မနော်ဟရီ - မီးပြတိုက်အလွန် ကဗျာများ
ဟန်သစ်၊ အမှတ်စဉ် - ၁၀၀။

Search Keyword: Manor Hary

လမ်းပျောက်သောဂီတ

လမ်းပျောက်သောဂီတ


ဘုရားသခင်က...
ကောင်းကင်ကို ရွာချခိုင်းလိုက်တဲ့အချိန်မှာ
သူတို့က ဘာကိုအလိုရှိကြမှန်း မသိသေးဘူး
အစိမ်းရောင်ရင့်ရင့်တွေကို စတေးလိုက်တိုင်းသာ
ပန်းရိုင်းတွေပွင့်ကြကြေးဆိုရင်ဖြင့်
နတ်ဆိုးတွေလည်း ပျင်းရိနေကြလိမ့်မယ်... ။
ဖေဖေ...
အီမျူ ငှက်ကြီးတွေနဲ့ သားပိုက်ကောင်တွေဟာ
တကယ်တော့ ပုံပြင်သက်သက်ဖြစ်ခဲ့သင့်တာ...
ခြေရာတွေကို လိုက်လံကောက်သိမ်းရင်း
လူစဉ်မမီ နိမ့်ဆင်းသွားရတဲ့လမ်းကြောင်းလေးတစ်ကြောင်းဟာ
ကျွန်မပါ... ။
ဘယ်လိုမှ သံသယမရှိလိုက်ကြပါနဲ့
ကျွန်မ အရူးအမူးတမ်းမက်လျှောက်လှမ်းခဲ့တဲ့လမ်းမှာ
ကံ့ကော်အ၀ါတွေကလွဲရင် ဘာမှမရှိပါဘူး
ကံကြမ္မာက အထူးအဆန်းတွေကို ဖန်ဆင်းမျက်လှည့်ပြလိုက်ရင်း
ကျွန်မကလည်း မျက်ရည်ပေါက်ကြီးငယ်တွေနဲ့ အံ့သြပေးလိုက်ရင်း
ကြာတော့... ပျင်းရိပျင်းတွဲတွေပဲ... အဖတ်တင်ကျန်ခဲ့တယ်... ။
အံစာမကျခင် ပွဲသိမ်းလိုက်ရအကောင်းသား
ခုတော့
တစ်ဘ၀လုံး...
ပြုတ်ကျပျောက်ဆုံးသွားခဲ့ရပြီ... ။


မနော်ဟရီ - မီးပြတိုက်အလွန် ကဗျာများ

Manor Hary

ကျွန်မနှင့်နတ်သမီးမှန်ပြင်များ

ကျွန်မနှင့်နတ်သမီးမှန်ပြင်များ


ကျွန်မ...
အလင်းရောင်တွေအကြောင်း မပြောပြရသေးဘူး
ပုံပြင်အဟောင်းတွေနဲ့ နတ်သမီးလှလှလေးများရဲ့မှန်ပြင်
အရင့်အရင်ကော်ဖီခွက်တွေအတိုင်းပဲ... ခါးတယ်... ။
ဘယ်တော့မှ မတွေ့ဆုံချင်တော့တဲ့ ကံကြမ္မာသွား ကံကြမ္မာလာ
ဒါ... ကဗျာသက်သက်မှ မဟုတ်ဘဲ...
အသေင်္ချ အသင်္ချာတွေအကြောင်းပြောမယ်...
အနန္တာအနန္တတွေအကြောင်းပြောမယ်...
ဘယ်တော့မှ လိုက်မဆုံနိုင်တဲ့ မျဉ်းဉပိင်နှစ်ကြောင်းကိုပုံမှားရိုက်မယ်။
ဒါပါပဲ...
ဒါဟာလည်း အဟောင်းအမြင်းတွေထဲက
နတ်သမီးမှန်ပြင်သက်သက်ပဲ
ကျကွဲမကွဲ မသေချာတာတစ်ခုပဲ ရှိတယ်။


မနော်ဟရီ - မီးပြတိုက်အလွန် ကဗျာများ

Saturday, January 14, 2006

ပုပ္ပါး

ပုပ္ပါး


ပတတ်ရပ်တဲ့မြင်း
ပါးပြင်းထောင်တဲ့မြွေ
လူတွေသူ့ကိုယ်ပေါ်တက်
သူကသူ့ကိုယ်သူတက်ခဲ့ရာ
မပျော်လို့ ပျော်တဲ့နှင်းတွေထဲ
အမြင့်တက်ပွင့်သူအဖို့
တိုက်ခတ်သမျှလေဟာ အဆာပြေပေါ့
အနီးကပ်
အဝေးကြည့်
အနိမ့်အမြင့် အ၀င်အထွက် ကြမ်းရှရှကို
အနုအလှဖြစ်အောင် ဖော်ကျူးလို့
တစ်ကိုယ်လုံး ရွှဲနစ်သွားစေရာ
သူ့ဥပဓိနဲ့
အချစ်တွေကို ဆွဲဆောင်ခဲ့လေသလား။


ဝိုင်ချို

Search Keyword : Wine Cho

သူငယ်ချင်းများ

သူငယ်ချင်းများ


နွားတွေလို မြက်မစားတတ်ကြဘူး
နွားတွေလို ခေါင်းချင်းခွေ့ခဲ့ရ။
ကောင်းကင်ကို မခံစားတတ်ကြဘူး
ပလက်ဖောင်းကို လမ်းမလို ခေါင်းအုံးခဲ့ကြ

မိုးတိမ်တွေ မဟုတ်ဘူး
ယ်ြရောက်နေမှန်းလဲမသိဘူး

ခေတ်အဆက်ဆက်
ငါ့လည်ပင်းကိုဖက်တဲ့လွယ်အိတ်တွေ
မင်းတို့ဘယ်လိုလဲ

ငါ့သင်ခန်းစာ
ဘ၀ရဲ့ ပုစ္ဆာများက စွန့်စားရတယ်
အမှန်ကိုအမှန်လို ခြစ်တတ်မှ
အမှားကို အမှားလို ကြက်ခြေခတ်မှ
ငါတို့အောင်မှတ်ရလိမ့်မယ်။


ဝိုင်ချို

မဟေသီ ၊ ဇွန် ၂၀၀၂

Search Keyword : Wine Cho

ကျွန်ုပ်တို့၏မိုးလေ၀သများ

ကျွန်ုပ်တို့၏မိုးလေ၀သများ



အာခိမိဒိဟာ ဥာဏ်ကောင်းတော့
သင်္ဘောကြီးတစ်စီးလုံး
သူတစ်ယောက်တည်းရွှေ့ခဲ့တယ်
ဘယ်လိုစိုက်ပျိုးကြမလဲ
မင်းတို့က အဲဒီခေတ်မဟုတ်တော့ဘူး
လေသာကျောင်း
ယောက်ျားတို့တတ်အပ်တဲ့အဌာရသ
မျက်လုံးကိုအ၀တ်စည်းပြီး
အပ်ကလေးကိုမှန်အောင်ပစ်ခဲ့ကြ
တစ်ရက်အတွင်း သင်ပုန်းကြီးကျေခဲ့ကြ
လက်မောင်းလေးတွေ တစ်လှည့်စီထိုးပြီး
ရေကန်တော်ထဲ ရေကူးကျင့်ခဲ့ကြ
အခုတော့ ငါတို့ဟာ
ဘ၀ပင်လယ်ထဲ
မျက်လုံးတွေစုံမှိတ်ပြီး ကူးရပါပြီ။
ရှုထောင့်အသီးသီးက
မြစ်ကြီးတွေ တရဟောစီးလာတယ်။
ငယ်ငယ်ကရခဲ့တဲ့ ဒုက္ခနဲ့
တစ်ယောက်ကိုတစ်ယောက် အနိုင်ပိုင်းတယ်။
တစ်ယောက်ကိုတစ်ယောက် ဖေးမတယ်
တစ်ယောက်တစ်ကွဲစီ လွင့်စင်တယ်။
မီဒီယာခေတ်
သေနတ် အနုမြူဗုံး ဒုံးပျံ
ရေဒီယို ကက်ဆက် ကွန်ပြူတာ
ဗွီစီဒီ ကာရာအိုကေ ဘ၀ရဲ့အသံတွေနင်နေကြတယ်။
ဒါမင်းတို့ငေးငေးနေတဲ့ ငါတို့ကျောင်းကြီးစစ်စစ်ပါလို့
ဘယ်ပုံပြင်နဲ့ ယုံအောင်ပြောရမလဲ
မျက်လုံးလည်ရွဲ
ငါတို့ချွေးသံတွေ အတ္တတွေနဲ့
သူ့တစ်ကိုယ်လုံး စိုရွှဲခြောက်သွေ့ခဲ့
ငါတို့ ရတက်ဇော ဖုတ်လှိုက်တွေနဲ့
ငါတို့ကိုယ်တိုင်လည်း မောပန်းခဲ့ကြ
ကြာပြီ။


ဝိုင်ချို

သောင်းပြောင်းထွေလာ ၊ ၂၀၀၁

Search Keyword : Wine Cho

လက်ဖွဲ့

လက်ဖွဲ့



အဝေးမှာကျန်ရစ်ခဲ့တဲ့
ကျွန်တော့်ရင်ရနံ့ရဲ့
ရီညို အုံ့ပျ အလွမ်းရှစ်ခွင်ထဲ
ဘူတာရုံလေးလို ငေးနေမလား။
ဒီသီချင်း
ကျွန်တော့်လက်နဲ့ဖွဲ့မှ ဖြစ်မှာပါ
အနီးဆုံးကွေးညွှတ်လာတဲ့
အမျှော်လေးတို့ ဝေဒနာတွေ
အဆက်အသွယ်ဝေး သွေးအေးတဲ့
ကလေးဘ၀ စာမျက်နှာတွေ
ကျွန်တော်နဲ့ကျွန်တော်ဟာ
ဝင်ရိုးစွန်း နှစ်ဖက်မှာ ဖြည့်တင်းထားတော့
လ၀င်ချိန်ဆိုလည်း တွယ်တာမိတယ်။
လေထုနဲ့ ဘ၀ဟာငြိနေပြီး
မေ့လို့မရတဲ့ အတိတ်တွေ ပြန့်ပွားအောင်
ငြိမ်းချမ်းရေးချစ်တဲ့ သားကောင်ပါ
ဆည်းဆာနဲ့ နင်းချေခံခဲ့ရတဲ့
မေတ္တာနဲ့ ပစ်ခွာခံရတဲ့
အလွမ်းစစ်စစ် သရုပ်ပြလူသားပါ
ရွှေတောင်ပံနဲ့ နှင်လိုက်တဲ့ ခရီးများ
မီးဖိုထဲက ကြွရောက်လာတဲ့ သံထည်များ
ရေးလက်စသီချင်းတစ်ပုဒ်နဲ့ ထုပ်ပိုးလို့
ပေးပို့လိုက်ပါတယ်။

ဝိုင်ချို

မဟေသီ၊ အောက်တိုဘာ ၂၀၀၀

Search Keyword : Wine Cho

ကြယ်တံခွန်

ကြယ်တံခွန်



ဂုဏ်သရေရှိ နေ့လယ်ခင်းရဲ့
လေ့ကျင့်ခန်းစာအုပ်ဟာ
ကျွန်တော်တို့ ရပ်ကွက်ကလေးဖြစ်ပါတယ်။
ကြာတွေပွင့်လိုက်ကြတာ
ကျွန်တော်တို့ကမဖူးငုံသေး။
ဥတုသုံးပါးကိုဖြတ်သန်းလာတဲ့အခါ
ကာရာအိုကေ၊ လက်ဖက်ရည်ဆိုင်နဲ့
ညဈေးတန်းလေးစည်ကားခဲ့။
စွန့်စားရှာဖွေသူတို့ရဲ့လမ်း
တစ်ခါတစ်ရံ ညဉ့်နက်တတ်ကြောင်းများ
ကိုယ်တိုင်မသိခင်အထိ
အိမ်ပြန်နောက်ကျခဲ့မိပေါ့။


ဝိုင်ချို

မြားနတ်မောင် ၊ စက်တင်ဘာ ၂၀၀၀

Search Keyword : Wine Cho

နံရံဂစ်တာ

နံရံဂစ်တာ



ခုံတန်းပြာတွေ မပြာတဲ့အထိ
လရောင်ဝါလည်း မ၀ါတော့
စံပယ်ပွင့်တွေ မပွင့်ဘူး။
မာနနဲ့ချိတ်တွယ်နေတဲ့ မိုးတွေ
ရည်ရွယ်ချက်မဲ့လေတွေဆီ
ရောက်လာပေမယ့် ရောက်မလာဘူး။
ကြည့်ရင်မြင်နိုင်ပေမယ့်
ကြည့်လို့မှမမြင်နိုင်အောင်
နှင်းတွေကျနေတာပါနှင်း
ခံစားချက်ပြင်းထန်တဲ့ ရင်ခွင်တစ်လုံးဟာ
လွမ်းလို့သေတောင် မလွမ်းတော့ဘူး။


ဝိုင်ချို

ရုပ်ရှင်တေးကဗျာ ၊ သြဂုတ် ၂၀၀၀

Search Keyword : Wine Cho

ရွက်တိုက်လှေ

ရွက်တိုက်လှေ



ကျားရေခြုံဖူးတာတောင် စိတ်နာမေ့ဖျောက်ခဲ့ချိန်
မိဝေးဖဝေး ဆွေဝေးမျိုးဝေး အချစ်တွေဝေး လေးလံခဲ့
ငါကရွက်တိုက်လှေငယ်လေးတစ်စင်းပါ
သာမန်လရောင်လေးတွေ့ရင်တောင် ကုန်းရုန်းထမိ
ရေပြင်ကျယ်နဲ့အပြိုင် လှိုက်ဖိုတတ်လွန်းလို့
အပေါစား လမ်းဘေးလေကြောင်းမျိုးစုံထဲမှာ
ငါ့ကိုယ်ငါ လွှင့်တင်လိုက် ပြန်ရုပ်လိုက်နဲ့
ဘယ်ဝယ်ဘယ်ဆီမသိရ အနာဂတ်ဝါးဝါးကိုဦးဆိုက်
ရေကိုထိုးခွဲ လေထုကိုထိုးခွဲ နေ၀င်မိုးသောက်
နောက်ဆုံးကိုယ့်တောင်ကိုယ်က ထိုးဟယ်ခွဲဟယ်နဲ့
ဓါး
ထစ်
ခဲ့
မိ
သူ
ပါ

သမုဒ္ဒရာနာရီကလေး မှိတ်တုတ်ကြမ္မာများနဲ့ တ၀ဲလည်လည်
နဂိုကမှ ညံ့ဖျင်းရတဲ့အထဲ ရာသီစာတွေနဲ့ ထွေးရောယှက်တင်
ဆိုလိုက်တဲ့သီချင်း လေထဲလွင့်ပျံသွားခိုက် ဖမ်းယူစစ်ဆေးကြည့်ရင်
သောင်ပြင်ကို သင်္ချိုင်းလို လွန်းထိုးထငို အူကန်းကန်းပေမယ့်
လှေမိတ်ဆွေတို့ရေ ယုံပါ ငါဟာ မင်းတို့လိုရွက်တိုက်လှေ။



ဝိုင်ချို

သောင်းပြောင်းထွေလာ ၊ ဇူလိုင် ၂၀၀၀

Search Keyword : Wine Cho

နန်းတော်ရာ

နန်းတော်ရာ


ကံ့ကော်နဲ့အဆင်မပြေတဲ့တစ်နေ့
ဒီနှလုံးသားရပ်ဝန်းထဲမှာလည်း
ပန်းကလေးကိုမုန်းတာ။
မျှော်လို့ကြည့်ခဲ့မိတဲ့နေအ၀င်မှာ
စိတ်လှုပ်ရှားစရာ ချာချာလည်ခဲ့
အလွမ်းမှာဘယ်လိုပြာရမယ်
အချစ်မှာဘယ်ခါအိုရမယ်
အတွေးငယ်ငယ်။
လျှာမှာပျော်ဝင်သွားတဲ့
သကြားလုံးများလိုပဲ
တို့ဘ၀တွေက
ချိုချိုနဲ့ရှုံးခဲ့ရပါတယ်။
ဒါပဲဖြစ်ရမယ်
လှည်းလမ်းကြောင်းဘေးမှာတမာပင်ရှိရင်
တလင်းပြင်ကလေးဟာ ငါတို့ရဲ့ အ၀ါပေါ့။

ဝိုင်ချို

ချယ်ရီ၊ ဖေဖော်ဝါရီ ၂၀၀၀

Search Keyword : Wine Cho

ပရိဘောဂများ

ပရိဘောဂများ


သူ့အိမ်ဂေဟာ တခမ်းတနား လှပအောင်
အမြဲတမ်း သူနေရာ ချတတ်တယ်။

အိမ်ကိုရောက်ဖူးတဲ့ လူကြီးလူကောင်းတိုင်းက
တအံ့တသြ ချီးမွမ်းခန်းဖွင့်ရလောက်အောင်
သူတော်တယ်။

ကနုတ်ပန်းနဲ့ ရှေးဟောင်း ထိုင်ခုံတွေက
သူ့ကို မင်းမျိုးမင်းနွယ်တစ်ယောက်လို့ အထင်ရောက်စေတယ်။

ထိုင်နေကျ သူ့ထိုင်ခုံ အပေါ်တည့်တည့် နံရံမှာတော့
အမဲလိုက် သေနတ်နဲ့ ခေါင်းပါတဲ့ ကျားရေခွံကြီးက
သူပြောသမျှ စကားတိုင်းကို အလေးအနက် ဖြစ်စေတယ်။

သူစုဆောင်းထားသမျှ ပန်းချီကားအားလုံး
ဘယ်သူမှ မမြင်အောင် သိမ်းထားလေ့ရှိတယ်
လိုအပ်မ္ဘှည့်ခန်းနံရံမှာ တစ်ချပ်ချင်း ချိတ်ဆွဲ
ဒါက ပစ်မှတ် ကို တစ်ချက်တည်းနဲ့ မှန်အောင် ပစ်တတ်သူမှန်း
သူ့စွမ်းရည်နဲ့ သူ့ပညာကို သိသာစေတယ်။

ပြဿနာတွေ သူဖြေရှင်းတဲ့အခါ
စာကြည့်ခန်းထဲမှာ သူတွေ့ဆုံတယ်
အခန်းပတ်လည်က စာအုပ်ဗီရိုကြီးတွေထဲမှာတော့
သူ့အတွက် ဆင်ခြေဆင်လက်တွေကို
အက္ခရာစဉ်အတိုင်း စနစ်တကျ စီရီထားတယ်။

ဆင်ဝင်အောက်က ရှားပါးဂမုန်းတွေနဲ့
ဝရန်တာမှာ ချိတ်ဆွဲထားတဲ့ သစ်ခွမျိုးစုံကိုတော့
ဖြစ်ရပ်မှန်တွေ ဆီကနေ အာရုံလှည့်စားဖို့အတွက်
တန်ဖိုးကြီးကြီးပေးပြီး သူစုဆောင်းထားတယ်။

သူ့အသုံးအဆောင် ပရိဘောကတွေထဲမှာတော့
ကျွန်မဟာ ဈေးအပေါဆုံးဖြစ်လိမ့်မယ်
နေ့ဘက်၊ မီးဖိုချောင်ထဲမှာ
ညဘက်၊ သူ့အိပ်ခန်းထဲမှာ
စနစ်တကျ သူနေရာချတတ်တယ်။

သူ့ဘက်ကလည်း တွေးနေလိမ့်မယ်
သူ့အသုံးအဆောင် ပရိဘောဂတွေထဲမှာ
သူ့ကို၊ သံသယမျက်လုံးနဲ့ ပြန်ကြည့်တတ်တယ်ဆိုလို့
ကျွန်မ တစ်ယောက်တည်း ရှိလိမ့်မယ်လို့။

ဒါပေမဲ့ ကျွန်မရဲ့ ဒေါသနဲ့ ကြေကွဲမှုတွေကိုတော့
စကားလုံးတွေအဖြစ် ဘယ်တော့မှ
ပြောင်းလဲခွင့် မရခဲ့ဘူး
သူ့ရှေးဟောင်းပစ္စည်းတွေပေါ်က
အက်ကြောင်းရာတွေလိုပေါ့
ပြင်ဆင်လိုက်လို့ တန်ဖိုးလျော့သွားမှာမျိုးကို
သူ မလိုလားဘူး။

ဒီအတွက်လည်း အားလုံး သူစီစဉ်ပြီးသားပါ
နှစ်ယောက် အိပ်ခုတင် နဲ့ ပြတင်းပေါက်ဘက်အခြမ်းကို
ကျွန်မအတွက် သီးသန့်၊ သူပေးထားတယ်
လမင်းကို အချိန်အကြာဆုံး၊အလှဆုံး မြင်ရတဲ့
အိမ်ဂေဟာရဲ့ အကောင်းဆုံး ပြတင်းပေါက်ပေါ့
နာကြည်းချက်တိုင်းကို ကျွန်မပြောပြလိုက်တဲ့အခါ
လမင်းကလည်း နားလည်ကြေကွဲစရာ ၊နှစ်သိမ့်ပေးရှာတယ်။
ကျွန်မရဲ့ မျက်ရည်နဲ့၊ ကျွန်မရဲ့ ခန္ဓာကိုယ်ကို
သူ့ရောင်ခြည်တွေနဲ့ ပွတ်သပ်ပေးရင်းပေါ့။

ဒီလိုနဲ့ပဲ၊ လမင်းဆီရောက်သွားတဲ့ လျှို့ဝှက်စကားတွေကို
တခြား ဘယ်သူမှ မကြားနိုင်တော့ဘူး
ခုတင် တစ်ဖက်ခြမ်းက အမှောင်ရိပ်ထဲမှာတော့
သူ၊ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေတယ်
လမင်းနဲ့ ကျွန်မကို ကျောခိုင်းရင်းနဲ့လေ။


မြင့်မိုးအောင်

Myint Moe Aung

ငါး

ငါး


ငါးအသေကောင် လိုချင်ရင်
ဈေးမှာဝယ်ပါ

ကြောက်လန့်နေတဲ့ ငါးတစ်ကောင်လိုချင်ရင်
ပိုက်ကွန်တွေနဲ့ ဖမ်းပါ

ဒဏ်ရာ ရနေတဲ့ ငါးတစ်ကောင် လိုချင်ရင်
ငါးမျှားချိတ်မှာ အစာတပ်ပြီး မျှားပါ

အရုပ်နဲ့ တူတဲ့ ငါးတစ်ကောင် လိုချင်ရင်
မှန်တွေနဲ့ လုပ်ထားတဲ့ ရေကန်အတုထဲမှာ မွေးပါ

ငါးအစစ် တစ်ကောင် လိုချင်ရင်တော့
ကျောက်ဆောင်တစ်ခုလို ရပ်နေပါ

ရင်ဘတ်ကို ဖွင့်ထားပါ
လမ်းမှားလာတဲ့ ငါးအစစ်တစ်ကောင်က
မင်းရဲ့ နှလုံးသားကိုတောင်
ဝင်ပြီး တိုးခွေ့သွားလိမ့်မှာ

အသက်ရှုသံတွေနဲ့
ရေလှိုင်းတွေကို ဖန်ဆင်းလိုက်တဲ့အခါ
ပျော်ရွှင်စွာ ကစားနေမယ့်
ငါးအစစ်တစ်ကောင် ကိုရရှိမှာ

မင်းရဲ့ လက်ချောင်း တွေနဲ့ သူ့ကို
ဖမ်းဖို့ မကြိုးစားတဲ့အထိသာ။

မြင့်မိုးအောင်

Myint Moe Aung

ဖန်ခွက်အလွတ်

ဖန်ခွက်အလွတ်



မင်းရှေ့မှာ ချထားတဲ့
ဖန်ခွက်အလွတ်ထဲကို
ဘာတစ်ခုမှ မထည့်လိုက်ပါနဲ့
ဘာတစ်ခုမှ

ရေခဲသေတ္တာတံခါးကို ပိတ်လိုက်ပါ
သူတို့က ချိုမြိန်တယ်လို့ ပြောပေမဲ့
အဲဒီဖျော်ရည်တွေကို
ငါမသောက်ချင်ဘူး
မင်းရှေ့မှာ ချထားတဲ့
ဖန်ခွက်အလွတ်ထဲကို
ဘာတစ်ခုမှ မထည့်လိုက်ပါနဲ့
ဘာတစ်ခုမှ

စားပွဲပေါ်က ၀ိုင်ပုလင်းတွေ
ပြန်ပြီးသိမ်းထားလိုက်ပါတော့
အိပ်မက်တစ်ခုထက်တောင်
ယစ်မူးစရာ ကောင်းတယ်ဆိုပေမဲ့
ငါတို့နှစ်ယောက် အတွက်တော့
ဒါတွေကိုလည်း မလိုအပ်ပါဘူး

မင်းရှေ့မှာ ချထားတဲ့
ဖန်ခွက်အလွတ်ခွက်ထဲကို
ဘာတစ်ခုမှ မထည့်လိုက်ပါနဲ့
ဘာတစ်ခုမှ

သူတို့ရဲ့ ဖန်ခွက်တွေကတော့
တစ်စုံတစ်ခုနဲ့ အမြဲတမ်းပြည့်ဝလို့
မော့သောက်လိုက်ကြတဲ့အခါ
ကမ္ဘာတစ်ခုလုံး လောက်ပိုင်ဆိုင်သွားကြတယ်
ချစ်ခြင်းမေတ္တာကလွဲလို့ပေါ့

မင်းရှေ့မှာ ချထားတဲ့
ဖန်ခွက်အလွတ်ထဲကို
ဘာတစ်ခုမှ မထည့်လိုက်ပါနဲ့
ဘာတစ်ခုမှ

ငါတို့သောက်လိုက်ကြမယ်
ဖန်ခွက်အလွတ်တွေကို ပြိုင်တူမော့လို့
ငါတို့သောက်လိုက်ကြမယ်
ငါတို့ နှစ်ယောက်စလုံး
ဖန်ခွက်အလွတ်တွေလို
ကြည်လင်သန့်စင်သွားတဲ့အထိပေါ့။


မြင့်မိုးအောင်

Myint Moe Aung

အမေတွက်တဲ့သင်္ချာ

အမေတွက်တဲ့သင်္ချာ



ကျွန်တော်တို့ ငယ်ငယ်
မနက်မိုးလင်းတိုင်းမှာ
အိမ်ရှေ့က ပန်းခင်းလေးထဲ
အမေနဲ့ လမ်းလျှောက်ခဲ့ဖူးတယ်
ကျွန်တော်တို့ရဲ့ လက်တွေကို ဆွဲလို့
ပန်းရနံ့လေးတွေကို ရှုရှိုက်လို့
အသစ်ပွင့်လာတဲ့ ပန်းပွင့်လေးတွေကို
တစ်ပွင့်ချင်း
တစ်ပွင့်ချင်း
အမေရေတွက်တယ်
ပန်းပွင့်လေးတွေကို နမ်းလိုက်
ကျွန်တော်တို့ကို နမ်းလိုက်နဲ့
ရယ်သံတွေကြားက ပြောတယ်
ကျွန်တော်တို့ရဲ့ မျက်နှာလေးတွေက
ပန်းပွင့်လေးတွေနဲ့ သိပ်တူသတဲ့
ပန်းပွင့်လေးတွေလိုပဲ လှပသတဲ့
ညရောက်ပြန်တော့
အမေ့ရဲ့ ရင်ခွင်ထဲမှာ ထိုင်ရင်း
အမေပြောတဲ့ ပုံပြင်တွေကို
ကျွန်တော်တို့ နားထောင်ခဲ့ကြတယ်
ပြီးတော့ ပြတင်းပေါက်ဆီကို ကြည့်ရင်း
ကောင်းကင်က ကြယ်ပွင့်လေးတွေကို
တစ်ပွင့်ချင်း
တစ်ပွင့်ချင်း
ရေတွက်ရင်းနဲ့ အမေပြောတယ်
ကျွန်တော်တို့ရဲ့ မျက်လုံးတွေက
ကြယ်ပွင့်လေးတွေနဲ့ သိပ်တူသတဲ့
ကြယ်ပွင့်လေးတွေလိုပဲ တောက်ပသတဲ့
ခုတော့ဖြင့် ငယ်ငယ်က ရေတွက်ခဲ့ဖူးတဲ့
ပန်းတွေနဲ့ ကြယ်တွေရဲ့ သင်္ချာကို
အမေမေ့လျော့ခဲ့ပြီထင်ပါရဲ့
အဖေက ကျွန်တော်တို့ရဲ့ ဟိုး..အဝေးမှာ
အဖေ့ဆီ ပို့ပေးရမယ့် ပစ္စည်းတွေ
အဖေပြန်ရောက်လာမယ့် နေ့တွေ
အမေရေတွက်တယ်
ပြက္ခဒိန်ပေါ်က နေ့စွဲတွေ
လကုန်ရင် ပေးရတော့မယ့် ပိုက်ဆံတွေ
အမေရေတွက်တယ်
ဧည့်ခန်းထဲမှာ မိုးယိုတဲ့ အပေါက်တွေ
မီးဖိုချောင်မှာ ကျိုးတဲ့ကြမ်းခင်းတွေ
အမေရေတွက်တယ်
ညီမလေး ကျောင်းပြီးမယ့် နေ့တွေ
လကုန်ရင် ကျွန်တော်ပါလာမယ့် ပိုက်ဆံတွေ
အမေရေတွက်တယ်
ပြတင်းပေါက်က ကြယ်ပွင့်လေးတွေ
အမေ မရေတွက်ရတာ ကြာပြီ
တောက်ပတဲ့ ကြယ်ပွင့်လေးတွေ
အမေ မရေတွက်ရတာ ကြာပြီ
မျက်ရည်က ဖုံးကွယ်ထားတဲ့ ကြယ်ပွင့်တွေဆိုတော့
ဘယ်လိုနည်းနဲ့ တောက်ပနိုင်ပါ့မလဲ
လှပတဲ့ ပန်းပွင့်လေးတွေ
အမေ မရေတွက် ရတာ ကြာပြီ
အသစ်ပွင့်လာတဲ့ ပန်းပွင့်လေးတွေ
အမေ မနမ်းရှိုက်ရတာ ကြာပြီ
အမေစိုက်ထားခဲ့တဲ့
အိမ်ရှေ့က ပန်းခင်းလေးလည်း
မနှစ်ကပဲ သေဆုံးသွားခဲ့ပြီ။


မြင့်မိုးအောင်

Myint Moe Aung

ဗျတ်စောင်း ဘာသာဗေဒ

ဗျတ်စောင်း ဘာသာဗေဒ


လမ်းခြမ်းအ၀ါကို မြင်လို့
ကောင်းကင်ကို မမြင်လိုက်ဘူး။
တစ်ယောက်နဲ့တစ်ယောက်
ရွာရိုးကိုးပေါက် ဝေးခဲ့မိတယ်။

ကောင်မလေးရေ
ငါ့ရဲ့
အမေတစ်ဝက်၊ ဆောင်းရာသီတစ်ဝက် ကောင်မလေးရေ
ငါ့ကို ကယ်ပါ။

ငါ့ကို ကယ်တင်တယ်လို့ သဘောမထားဘဲ
ငါ့ကိုပဲ ကယ်ပါ
မင်းရဲ့ အဖြူ တစ်ဝက်ရဲ့ အဖြူတစ်ဝက်လောက်
ငါ့ကို ဆွတ်ပေးပါ။

ရင်ဘတ်က ကြယ်ငွေ့တွေ ဖြာကျလာတဲ့အထိ
ငါ ပွင့်ပစ်လိုက်ချင်လို့ပါ။


တာရာမင်းဝေ-မိုးခေါင်လို့ တီးတဲ့ဗုံသံ
Taryar Min Wai

တေလေမှတ်တိုင်

တေလေမှတ်တိုင်


ကြယ်တွေ ကြယ်တွေ
သမ်းဝေမှု ချောင်းချောင်းထ
ဟောင်းလောင်းပွင့်နေတဲ့..ည။

ဝိညာဉ်နှင်းမှုန်တစ်စက်
အိပ်မက် မြင်းခွာ အမှတ်(၁၃)
တစ်ယောက်တည်း အတုံးအရုံးလဲသူ
ငါ့ ကံကြမ္မာနဲ့..လူ

ဂမ္ဘီရ သစ်ပင်မှာမှ
စွယ်တော်ပွင့်အို ရှာချင်တဲ့လက်
ကားစင်တင်ပြီး မီးရှို့သတ်မယ်။

လပြည့်ဝန်းရေ
ပန်းကန္တာရမှာ
အမုန်းတွေ လဲ့ပြာကွဲအက်
ငါဟာ
ကိုယ့်ကိုကိုယ် ပြန်တူးနေတဲ့
ပေါက်ချွန်းတစ်လက်ကွဲ့ သိရဲ့လား။

ခြင်္သေ့နဲ့ ဘယ်လိုတိုက်တိုက်
ဘီလူးနဲ့ ဘယ်လိုကိုက်ကိုက်
ချစ်မိသူလောက်တော့
ဘယ်သူမှ လူမိုက် မမည်။

ကဝေမီးတောက်
ဆောင်းဦးပေါက် အရက်တစ်အိုး
မြူခိုးဝေေ၀ကျောက်ခဲများ
ငါ့ကိုထားခဲ့ပါ။

တေလေမှတ်တိုင်
မျှော်စင်တွေထက် ပိုခိုင်လာရဲ့
ခြေထောက်ကတစ်ခြား လမ်းတစ်ခြား
ငါဘယ်တော့မှ မသွားဘူး မိန်းကလေးရေ။


တာရာမင်းဝေ-မိုးခေါင်လို့ တီးတဲ့ဗုံသံ
Taryar Min Wai

နှင်းလူ

နှင်းလူ


နှင်းလူဟာ
ဂူထဲမှာ ဘီလူးဒူးတုပ်ထိုင်လျက်
အမှောင်ကြုတ်ကြုတ်ကို ကိုက်မြို ၀ါးစားရင်း
နေ နဲ့လည်း စိတ်ချင်း ဆက်သွယ်ကြည့်တယ်။

ရွှံ့မီးအိမ်နဲ့ ဝေ့ပတ်ပြီး
မြောက်အရပ်ကို ရှာဖွေကြည့်တော့
ဓူဝံကြယ် ကြွေသွားတာ ကြာပြီတဲ့။

သူရှုံးသွားတယ်
သူ့ပါးစပ်ကို သူဖြဲပြီး
မြောက်ပြန်လေက ဆောင်းတွေကို ရိုက်ခွဲကြိတ်ထည့်
လွမ်းရင် လိုက်ခဲ့လို့ မှာတယ်။

အဲဒီလိုနဲ့
နွေဦးပေါက် များစွာကို လွန်လေပြီးမှ
ပြန်လည် နိုးထလာတဲ့ ကျောက်နှင်းလူ
တောက်တစ်ချက်ခေါက်ပြီး သူ့ကိုယ်သူ ထူတယ်။

ပြီးတော့
သွေးတွေကို တဂျုံးဂျုံး ပြန်မောင်း
ကောင်းကင်ကို
ပိတောက်တွေနဲ့ တဗောင်းဗောင်းပစ်ပေါက်
မီးပွင့်မတတ်၊ ခါးထောက်ရပ်လိုက်တယ်။

ငါ..(သို့မဟုတ်)
နှင်းလူကလေးရဲ့ မှတ်တမ်းမှာ
အဲဒီဆောင်းကို ခပ်ကြမ်းကြမ်းလေး ရေးထားမိ
သတိရတိုင်း ပြန်ပြန် ဖတ်ကြည့်လို့ပေါ့။


တာရာမင်းဝေ-မိုးခေါင်လို့ တီးတဲ့ဗုံသံ
Taryar Min Wai

လယ်သူမ

လယ်သူမ


ကျွန်တော့် တောင်ကုန်း ကလေးပါ
အလင်းတွေနဲ့
ခပ်မို့မို့ တည်ဆောက်ထားတယ်။

နေ့ရက်တွေကြာ
နွေအပြာတွေ ပွင့်ပွင့်သွား။
ဖြတ်သန်းပြီးသား တိမ်တွေ
တစ်အုပ်ပြီး တစ်အုပ် ပြန်ကွေ့လာကြ။
... ... ...
ကျွန်တော် ပွေ့ပိုက်ခဲ့ရတယ်။

နောက်ဆုံးတော့လည်း
ဘာမှ မဟုတ်ခဲ့ပါဘူး။
ကိုယ့်ရင်ဘတ်ကိုယ် အကြမ်းကြုတ်ဆုံး ဆွဲဖွင့်ပြီး
နေပူကြဲကြဲတွေ သွန်ချ ပစ်ရတာက လွဲရင်ပေါ့။

သံယောဇဉ်ကိုမှ
ခုတ်ထွင်ရှင်းလင်းတတ်တဲ့ လယ်သူမရယ်
အခုတောင် လွမ်းတယ်။


တာရာမင်းဝေ-မိုးခေါင်လို့တီးတဲ့ဗုံသံ
Taryar Min Wai

ကဗျာရေးသော လူတစ်ယောက်အကြောင်း

ကဗျာရေးသော လူတစ်ယောက်အကြောင်း


အိပ်
ချင်
သော
စိတ်
အိပ်
သာ
အိပ်

အိပ်
သည့်

ခါ
အိပ်
မက်
လာ

အိပ်
ပါ
လျက်
နှင့်
နိုး

သည်။


တာရာမင်းဝေ-မိုးခေါင်လို့တီးတဲ့ဗုံသံ
Taryar Min Wai

တိမ်ဖြူတို့နှင့်အတူ

တိမ်ဖြူတို့နှင့်အတူ


စိတ်ကြမ်းဘီလူးတို့ ခြေပင်မကျူးသော အရပ်၌
ငါ..မတ်မတ်တည်ခဲ့ချေပြီ။

အို..အချင်းဆွေမွန်တို့
သင်တို့ကြိုဆိုမည်ဆိုလျှင်
အမှောင် နံနက်သို့ပင် အလင်းငှက်တို့ဖြင့် ငါလာခဲ့ပါမည်။

ထို့နောက်
လောက လေဆန်မှာ ကိုယ့်ကိုကိုယ်အန်ထုတ်
ငါတို့အားလုံး မိုးမချုပ်မီ အိမ်ကိုပြန်ကြမည်။


တာရာမင်းဝေ-မိုးခေါင်လို့တီးတဲ့ဗုံသံ
Taryar Min Wai

စိတ်ပျက်လက်ပျက်

စိတ်ပျက်လက်ပျက်


ကျွန်တော်ပြောတော့
ချစ်သူက ရယ်တယ်။

ကိုယ်သာ
သူ့လို ခွေးတစ်ကောင်ဆိုရင်
မဟောင်ပါဘူးကွယ်

စောင့်ဆိုင်း
တိတ်ဆိတ်
မကိုက်ချင်ရင် အိပ်နေမှာပေါ့...လို့။

စကားအဆုံးမှာ
ကျွန်တော်ကတော့ ရှုတည်တည်ပါပဲ
ချစ်သူကလည်း ရယ်မြဲ ရယ်လို့။


တာရာမင်းဝေ-မိုးခေါင်လို့တီးတဲ့ဗုံသံ
Taryar Min Wai

အနုပညာ မှော်ဝင်စားမှု

အနုပညာ မှော်ဝင်စားမှု


ကြေးနီရောင်သင်းတဲ့
မြားကျိုးတစ်စင်း ထိမှန်ထားတယ်။

လက်ဖ၀ါးခြေဖ၀ါးမှာ
အမေ ၀တ်ပေးခဲ့တဲ့ အရေခွံတွေ ကျွတ်ကွာကျ
ပန်းရောင်ပျပျကလေး ရှင်းပလာ..။

တကယ်တော့
မြို့ပျက်တစ်ခုပါပဲ
ဒါပေမယ့်.. ဗျတ်စောင်းတစ်လက်ရှိနေလို့
ကိုယ်...ချိုနေမိတယ်။


တာရာမင်းဝေ-မိုးခေါင်လို့တီးတဲ့ဗုံသံ
Taryar Min Wai

ဗဟိုကွဲအား

ဗဟိုကွဲအား


ဆောင်းခေတ်က ပေးခဲ့တဲ့
မောင်းကွဲသံ ခပ်လေးလေး တစ်ချက်ပါပဲ။
တစ်ယောက်တည်းနေရတဲ့ ငါ့ကို
ဘယ်သူနဲ့မှ မနေရအောင်
ယိုင်ယိုင်ရွဲ့ရွဲ့ လှီးခွဲသွား...။

နံပါတ်စဉ် မတပ်ရသေးတဲ့
သဲကန္တာရ တစ်ရွက်ပေါ်မှာ ပြိုလဲကျတယ်။

အဲဒီညနေပေါ့
ကောင်းကင်ကို ဆွဲချွတ်ပြီး
မြေကြီးကိုပဲ ငါပြန်ဝတ်ခဲ့ရ။

ပြီးဆုံးသွားတာ သေချာပါတယ်
နှင်းခိုးတွေ..
ပြီးတော့ ဒိုင်ယာရီချို ခါးတစ်ခွက်
ပြီးဆုံးသွားတာက သေချာပါတယ်။

မိုးတွေကို တိုးတိုးကလေး ရွာရဦးမှာပေါ့လေ
ပန်းရနံ့တွေကလည်း ခပ်မြင့်မြင့်ကနေ ပျံသန်း
ငါနဲ့ ငါ့ဖိနပ်ကလေး
သီချင်းမဆိုတော့ဘဲ ဟိုးအဝေးကို ငေးခဲ့ရတယ်။


တာရာမင်းဝေ-မိုးခေါင်လို့တီးတဲ့ဗုံသံ
Taryar Min Wai

အမည်မသိ

အမည်မသိ



စိတ်ကို ဓါးအိမ်ထဲ ပြန်သွင်းလိုက်တယ်။

ကျွန်တော်ဟာ နဂါးငွေ့တန်းတစ်ခုလို ပြာမှိုင်းသွား
ဓါးအိမ်တစ်လက်ရဲ့ အကျယ်အ၀န်းတောင်
ဘာသံနဲ့မှ မကြားရတော့ဘူး။


တာရာမင်းဝေ-မိုးခေါင်လို့တီးတဲ့ဗုံသံ
Taryar Min Wai

ကျွန်တော်နှင့် သနပ်ခါး ပွင့်ကလေး

ကျွန်တော်နှင့် သနပ်ခါး ပွင့်ကလေး



စစ်မက်ပြိုင်မိုး
ကြယ်ကလေးတွေ စီးချင်း မထိုးကြပါနဲ့

မိုးချုပ်အိမ်ပြန်
လမင်းကိုပန်တဲ့ မိန်းကလေး
ငြိမ်းချမ်းရေးနဲ့ အိပ်စက်နေလို့ ပါကွယ်။


တာရာမင်းဝေ-မိုးခေါင်လို့တီးတဲ့ဗုံသံ
Taryar Min Wai

တေလေကလေး

တေလေကလေး


မီးပွိုင့်တွေက
အနီလှိုင်းတွေနဲ့
လွှင့်ထုတ်ပစ်ခတ်ကြတယ်။

လူမိုက်လိုလို
စောင်းနေတဲ့ ဓါတ်တိုင်အိုကြီးက
ကျွန်တော့်ကို ၀င်တိုက်ပြန်ရဲ့

ထင်းရူးပင်ကြီးက
ရှည်လျားချွန်မြတဲ့ သစ်ရွက်တွေ ကွေးကုပ်
ကျွန်တော့ကို လေနဲ့ လိုက်မှုတ်တယ်။

ကျွန်တော်
ကိုယ်နဲ့ မတော်တဲ့ ဖိနပ်ကိုစီးပြီး
လမ်းအကြီးကြီးမှာ လျှောက်မိနေချိန်ပေါ့။

တိုက်တာတွေ ဖောင်းကားပျော့အိ
ဓါတ်ပေါင်းဖိုတွေလည်း
မီးခိုးငွေ့တွေပိပြီး ကွေါ်ညွှတ်ခွေယိုင်ကျ
မြေကြီးထဲက
မိုးခြိမ်းသံ တရှဲရှဲ ကြားရတယ်။

တကယ့်ကို ကြောက်စရာပါအမေ
အဲဒီညက
အိပ်မက် နည်းနည်း ရှည်သွားတယ်။


တာရာမင်းဝေ-မိုးခေါင်လို့တီးတဲ့ဗုံသံ
Taryar Min Wai

သီချင်း

သီချင်း



နတ်ဆိုးတွေ ငါ့ပန်းရနံ့ကို ရှုရင်းနဲ့ လဲကျ
ကောင်မလေးတစ်ယောက် ငါ့ကိုလွမ်းတဲ့ည

ငါ့ကောင်းကင် နက္ခတ်တွေ ရှက်သွေးရောင်တောက်ပ
ကောင်မလေးတစ်ယောက် ငါ့အမည် ရွတ်တဲ့ည။

ငါ့ပင်လယ် ခဲလုံးတွေ ပြုတ်ကျ
ငါ့ရင်မှာ မီးပြတိုက် ထွန်းရ
ငါတစ်ယောက်တည်း လင်း .. လင်း နေတဲ့ည
ငါတစ်ကိုယ်ထဲ လင်းသွားတဲ့ည။

သူမိုက်တွေ ဆောင်မြဲဓါးကို ယောင်ယမ်းကာ လွှတ်ချ
ကောင်မလေးတစ်ယောက် အဝေးကို ငေးတဲ့ည။

ငါ့လမ်းမှာ လျှောက်ရင်းနဲ့တောင် ကျောက်တုံးတွေ မွှေးမြ
ကောင်မလေးတစ်ယောက် ငါ့ကိုချစ်တဲ့ည။

ငါ့ကိုယ်ငါ မိုးကြိုးတွေ ပစ်ချ
ငါ့ကိုယ်မှာ မီးစုန်းတွေ ထွက်ကျ
ငါတစ်ကိုယ်တည်း လင်း.. လင်းနေတဲ့ည။
ငါတစ်ယောက်ထဲ လင်းသွားတဲ့ည။


တာရာမင်းဝေ- မိုးခေါင်လို့ တီးတဲ့ဗုံသံ
Taryar Min Wai

နိုဝင်ဘာ

နိုဝင်ဘာ


ငါ့ရဲ့ ရွှေအိပ်မက်ကို
ခြေကျင်းတွေလို ခွဲစိတ် ၀တ်ဆင်ထားတဲ့ မိန်းမ။
မြူခိုး နီညိုတွေကြားမှာ
စံပယ်တွေ ကပိုကရိုနဲ့ ... လှလို့။

ငါ.. တစ်ပွင့်ပြီး တစ်ပွင့်ပြီး တစ်ပွင့် ပြိုလဲ
နှင်းအဆက်ဆက်တိုင်အောင် ကြေကွဲခဲ့ရပေါ့။


တာရာမင်းဝေ- မိုးခေါင်လို့ တီးတဲ့ဗုံသံ
Taryar Min Wai

နေကြပ်ချိန်

နေကြပ်ချိန်



အင်္ဂါဆိုတဲ့ နေ့တစ်နေ့က
ငါ့ကို အကုန်ယူသွားတယ်။

ငါ့မှာ..တစ်ယောက်ထဲ ဖြစ်နေရတဲ့ အထဲ
ဝေါကနဲ ပျောက်ဆုံး လိုက်ရ။

ဘယ်ဆောင်းဥတုကမှ
လက်သင့်မခံတဲ့ ဆီးနှင်းတစ်စက်လို
နွေရာသီတွေဆီ လှည့်ထွက်ခဲ့ရ။

အရှင်လတ်လတ် လွမ်းလိုက်ရတာ
ဘာနဲ့မှကို မတူတော့ဘူး
မပွင့်ဘဲ ဖူးခဲ့ရတဲ့ ကောင်မို့
...
မှောင်တယ်။

လွမ်းလွမ်းဆွတ်ဆွတ် ငါတွေးမိရဲ့
ကျောက်တုံးပေါ် တင်အသွေးခံရတဲ့ဓါးလို
ငါလည်း အစားခံနေရချိန်..လို့။



တာရာမင်းဝေ- မိုးခေါင်လို့ တီးတဲ့ဗုံသံ
Taryar Min Wai

ချစ်သူသို့

ချစ်သူသို့


သံချေးတစ်ထပ် ရွှံတစ်ထပ်မို့
သူတို့ရဲ့ စိတ်အတင်အချကို
မင်း ဘယ်လိုမှ ဖတ်လို့ ရမှာ မဟုတ်ဘူး။

အာငွေ့မှုတ်သံတွေ ကြားမှာပဲ
ရယ်ကာမောကာ တစ်နွေလုံးပိတ်
ကိုယ့်ယဉ်ကျေးမှုနဲ့ ကိုယ် အိပ်ပစ်လိုက်ကွယ်..

ချစ်သူရေ
လောကမာယာဆိုတာ
အတီးခံရတဲ့ ဗုံတွေရဲ့ ဂီတပါပဲ။

စစ်တုရင် တစ်ပွဲလုံးကို
ဆွဲမှောက် ခံလိုက်ရပေမယ့်
..
ဘာဖြစ်လဲ
ဝမ်းမနည်းကြေး
တို့တွေ ရွာသွန်းကြရုံပေါ့။

ယုံကြည်ထားစမ်း
ရေခိုးရေငွေ့ကလည်း
ပင်လယ်ကို ပစ်ပေါက် စိုက်ပျိုး နိုင်တယ်ဆိုတာ။


တာရာမင်းဝေ- မိုးခေါင်လို့ တီးတဲ့ဗုံသံ
Taryar Min Wai

မိုး

မိုး


ချစ်သူရေ
ဟောဒီ ကောင်းကင် တစ်ရိုးက
ရေခိုးရေငွေ့ အိုးကြီးကို
မိုးတိမ်လို့ ခေါ်ကြလေရဲ့။

ကိုရွှေမုတ်သုံလေက
သူခြေထောက်ကို သူဂရုမစိုက်
အိုးကြီးကို တည့်တည့် ၀င်တိုက်တယ်။

အိုကြီးလည်း ဗိုက်ပွင့် ကွဲကြေ
သေပါလေရော။

အိုးခြမ်းကွဲထဲကနေ
ရေစက်တွေ ရေစက်တွေ
ဝင်းဝင်းလက်လက်
လင်းတစက်စက် စီးဖြိုင် ညွှတ်ကျ။

ကျောက်ဆောင် ကျောက်မြေနဲ့
စောင့်နေတဲ့ ပင်လယ်အော်တွေလည်း
သွားရည်တမြမြ
ပါးစပ်ကြီးတွေ ပြဲလန်အောင် ဟလို့ပေါ့။

အို ချစ်သူရေ
ဟိုးအရှေ့မှာ မိုးတွေ ရွာပြီ။

လာ ရဲရဲလာ
ထီးရွက်တွေ မပါလည်း
လူဟာ ကိုယ့်ဖာသာ လျှောက်ရဲရမယ်ကွယ့်။

ငါတို့ရဲ့ မိုး
ဂျိုးဂျိုး ဂျိမ့်ဂျိမ့် လှပ
သူ
ရှိုက်ကြီးတငင် ရွာချပါစေလားကွယ်။


တာရာမင်းဝေ- မိုးခေါင်လို့ တီးတဲ့ဗုံသံ
Taryar Min Wai

အနောက်တောင်

အနောက်တောင်


ကြာတော့လည်း
မိုးချုန်းပြရတာ ရှက်လာပြီ

ဆောင်းရေ
ကဝေအလင်းတွေ လွှင့်ထုတ်ပြီး
ငါ့ရင်ထဲက မိုးတိမ်တွေကို
ခုတ်ချပေးပါ

ငါ
နှင်းစက်တွေနဲ့ ခုံးဝန်းချင်တဲ့ကောင်
ကုလားအုပ်ကြီးယောင်ဆောင်ပြီး
ကန္တာရအထိ တွားသွားပြမယ်လေ။


တာရာမင်းဝေ- မိုးခေါင်လို့ တီးတဲ့ဗုံသံ
Taryar Min Wai

ဒိုင်ယာရီရဲ့ နောက်ဆုံးစာမျက်နှာ

ဒိုင်ယာရီရဲ့ နောက်ဆုံးစာမျက်နှာ



နှင်းစက်လက်တွဲခိုနေတဲ့
စံပယ်အိုလေးရေ..
ဒီလကွယ်ညမှာပဲ
ဆုပ်ကိုင်ထားတဲ့လက်ချောင်းတွေကို
ဖြည်ချလိုက်ပါတော့။

တချို့လူတွေက
ဘ၀မှာ ကြယ်တွေ ကြွေကျခဲ့သတဲ့
ငြိမ်သက်စွာ ခရီးနှင်ကြဦးပေါ့ကွယ်
ကိုယ့်မှာက..
နေတွေ လတွေတောင် ကြွေကျခဲ့ဖူးပါတယ်။

သွားတော့မယ်နော်..
ကံကြုံရင် ပြန်ဆုံကြဦးမှာပေါ့လို့
ကံမကောင်းသူတို့ရဲ့
မှိုင်းညို့သောလမ်းခွဲ
ကျောက်စရစ်ခဲတွေ အပြိုင်းအရိုင်း လွင့်ကြဲနေတယ်။

ဘာဖြစ်ဖြစ် ကိုယ့်အပြစ်ပါပဲ
လေရိုင်းတွေ ၀ိုင်းဝန်းကိုက်ခဲကြတဲ့
မီးလျှံစတစ်ခုလို ပြာညိုယိမ်းထိုး
ပြက္ခဒိန်မှာတော့
နက်ဖြန်ခါဟာ နာမည်ဆိုး မရှိပါဘူး။

ဒါပေမယ့်
လွမ်းဆွတ်နေသူ တစ်ယောက်ရဲ့
ကြောက်မက်ဖွယ်ရာ အိပ်မက်များ
နှင်းဆီချွေ ရထားမှာ
စူးစူးဝါးဝါး ဥသြဆွဲပစ်လိုက်တယ်။

ဒီည.
နောက်ည..
ဘယ်လိုမှ နိဂုံး ချုပ်မရပါဘူး
ဘီလူးဖမ်းသလို ကြမ်းတဲ့ လင်္ကာ
ငှက်ဆိုးတွေအိပ်မှ
တိတ်တဆိတ် ကိုယ်ရေးလိုက်ပါတယ်။

ပျော်ခွင့်မပိုင်သော
ဒိုင်ယာရီ၏ နောက်ဆုံး စာမျက်နှာ ထက်၌
နတ်သူရူးတွေ ကြဲပက်တဲ့
ကောင်းကင်ဘုံ အက်ဆစ်တစ်စက်လို
ရှအက်ကြေကွဲ
ရှ...အက်...ကြေ...ကွဲ
မင်နီတွေနဲ့ ရဲ လို့ပေါ့ကွယ်။


တာရာမင်းဝေ- မိုးခေါင်လို့ တီးတဲ့ဗုံသံ
Taryar Min Wai

ရှင်ကွဲ

ရှင်ကွဲ



ငါတို့ရှေ့မှာ
ရထားဟာ ခါတိုင်းထက် ပိုမိုရှည်လျား
ဥသြဆွဲသံများကလည်း
ဖွာရာရ ထစ်ချုန်း ပြတ်တောက်ကျနေခဲ့

နှုတ်မဆက် မိရင်လည်း အကောင်းသား
နှုတ်ဆက်လိုက်ကြတော့
ဘူတာဟာ
အ၀ါရောင်ဖျော့ဖျော့နဲ့ ဂူသင်္ချိုင်း ဆန်လာ

ကံကြမ္မာက
မျဉ်းတစ်ကြောင်းတည်းပေါ်မှာ
ခွာလေးဘက် မရပ်နိုင်ခဲ့ဘူး

ဘယ်သူ့ကိုမှ မပြောနဲ့
ဘယ်သူ့စကားကိုမှ နားမထောင်ဘူး
မြေလို ပင်လယ်လို အက္ခရာ တစ်လုံးနဲ့
ငါတို့ ဆက် ချစ် နေကြဦးမယ်

မမေ့ဘူးကွယ်
ဘယ်တော့မှ မမေ့ပါဘူး
ရက်စက်သွယ်ပြောင်းတဲ့
မီးခိုးလက်ချောင်းတွေက
ငါတို့ကို အပွင့်ခူးချိန်

ရထားဟာ
လောကလူရိုင်းရဲ့ မှုတ်ပြောင်းဝကနေ
အဆိပ်တွေနဲ့
တုန်ယင်စွာ လူးလွန့် ထွက်ခွာခဲ့ရပေါ့။


တာရာမင်းဝေ-မိုးခေါင်လို့တီးတဲ့ဗုံသံ
Taryar Min Wai

ဥယျာဉ်

ဥယျာဉ်


နဂါးတွေကသာ
တကယ်တမ်း ကပြမယ်ဆိုရင်တော့
ကိုယ်ကြည့်ချင်စိတ်ရှိပါတယ်။

ဒါပေမယ့်
မျက်နှာအရေပြား တွန့်တွန့်ကြီးနဲ့ လူတွေက
နဂါးနှဲမှုတ်ပြီး လူးလွန့်ပြရင်တော့
သူတို့အစား..
ကိုယ်က ပင်ပန်းပျင်းရိနေတတ်တယ်။

အဲဒီလိုပါပဲ ကောင်မလေးရယ်
မိုးတွေက တိတ်တာတောင် ကိုယ်ကရွာတုန်း။

သစ်ရွက်ကို ကိုယ်ပြန်စိုက်ဖို့ ကြိုးစားဆဲမှာ
သစ်ပင်က ကြွေကျလာခဲ့။
ကိုယ်လို ပေကပ်ကပ်ကောင်ကတော့
ကျောက်တုံး တွေကိုလည်း ငုံ့ကြည့်ခင်မင်နေခဲ့။

ကောင်မလေးရေ..
တကယ်ဆို ကိုယ်ဟာ ဥယျာဉ်တစ်ခုပါပဲ
မြေပြင်မှာ ဘာမှ မပွင့်သေးတာက လွဲရင်ပေါ့။


တာရာမင်းဝေ-မိုးခေါင်လို့ တီးတဲ့ဗုံသံ
Taryar Min Wai

နတ်ပူးနေတဲ့ကောင်

နတ်ပူးနေတဲ့ကောင်


လွင့်လိုက်ရတာ
မုတ်သုန်ဘယ်နှစ်မြို့တိုင်ခဲ့ပြီလဲ
တယ်လီဖုန်းခေါ်သံတွေကြားတာတောင်
ပြန်မထူးဖြစ်ခဲ့တဲ့ကောင်ပါ။

မေမေရေ
မိုးတိမ်ကြီးထဲမှာ
ခြေပစ်လက်ပစ် ၀င်အိပ်လိုက်ချင်ရဲ့
ကောင်းကင်ကို ပြန်တည့်ရတာ
..
မောတယ်။

တာရာမင်းဝေ- မိုးခေါင်လို့ တီးတဲ့ဗုံသံ
Taryar Min Wai

မင်္ဂလာပါ

မင်္ဂလာပါ

မြန်မာ မော်ဒန် ကဗျာတွေကို ချစ်တဲ့ သူငယ်ချင်းတွေအတွက် ဒီ ဘလော်ခ့်လေးကို လုပ်ဖြစ်ပါတယ်။ ကျွန်တော် နှစ်သက်တဲ့ နာမည်ကြီး ကဗျာဆရာများစွာနဲ့ ကျွန်တော့်သူငယ်ချင်း တချို့ရဲ့ ကဗျာ၊ ကျွန်တော့် ကဗျာတချို့ကို စုစည်း တင်ပြထားပါတယ်။ နှစ်သက်လိမ့်မယ်လို့ ထင်ပါတယ်။ စီးပွားရေးနဲ့ ဆိုင်တဲ့ ကူးယူ ဖြန့်ချီ မှုမျိုး လုပ်မယ်ဆိုရင်တော့ ဒီကဗျာ ဆရာတွေနဲ့ တိုက်ရိုက် ဆက်သွယ်ဖို့ လိုပါမယ်။ ကျွန်တော် နိုင်ငံခြားမှာ နေခဲ့စဉ်က ကဗျာစာအုပ် ရှားပါးတာကြောင့် ခက်ခက်ခဲခဲ ရှာဖွေခဲ့ရတာကို သတိတရ အနေနဲ့ ကဗျာချစ်သူ အားလုံးအတွက် အလွယ်တကူ အင်တာနက်ကနေ ဖတ်ရှုနိုင်အောင်ရည်ရွယ်ပါတယ်။ ဝေဖန် အကြံပေးတဲ့ သူငယ်ချင်း အားလုံးကို ကျေးဇူးတင်ပါတယ်။ အကြောင်း အမျိုးမျိုးကြောင့် စာရေးသူတွေဆီက ခွင့်ပြုချက် မယူနိုင်တာကို နားလည် စေချင်ပါတယ်။


ညီလင်းဆက်