Friday, March 31, 2006

လွိုင်ကော်

လွိုင်ကော်


နေ့လည်နေ့ခင်းဟာ
ခေတ်ပေါ်ကောင်မလေးတွေ စီးထားတဲ့ဖိနပ်လိုပဲ
ကြောင်တောင်တောင်နိုင်လှရဲ့
လမ်းမတွေဟာ သန်းဝေပြီး
လမ်းကြားတွေဟာ ငိုက်မျဉ်းလို့
ပျင်းကြောဆန့် စတိုးဆိုင်ရှေ့မှာ
ပလက်ဖောင်းရဲ့ အသားစဟာ ပဲ့ထွက်နေတယ်
တစုံတခုကို ငေးရီငိုင်နေတဲ့ လက်ဖက်ရည်ဆိုင်တွေလည်း
ရေမရှိတဲ့ ခွက်လိုပဲ အထီးကျန်လို့
သူ့ရင်ကိုနှစ်ခြမ်းခွဲထားတဲ့ ဘီလူးချောင်းလည်း
အရင်လို သက်လုံမကောင်းတော့
နေ၀င်မိုးချုပ်ဝေ့၀ဲနေတဲ့ လူငယ်တွေရဲ့ လက်ကိုင်တုတ်ဟာ
မှော်မအောင်တဲ့ မြို့တော်ထဲမှာ ငြိနေတုန်းပဲ
လမ်းတဖက် ဘိလိယက်ခုံမှာတော့
ကိုယ်ရည်သွေးတီးလုံးတွေ တိတ်ဆိတ်လို့
ညရေးညတာ မကောင်းတဲ့သီချင်းဟာ
စိုင်းစိုင်းခမ်းလှိုင်ထက် ပိုခေတ်စားနေတယ်
(၃၃) လမ်းက မိတ်ဆွေသူရဲကောင်းများ
ခင်ဗျားတို့ ယုံပါ့မလား
ကျွန်တော်သိပ်ချစ်ရတဲ့ မြို့ဟာ
အချစ်ရေးမကောင်းတဲ့ ပင်လယ်ပါ
အရောင်းအ၀ယ်မကောင်းတဲ့ ကျောက်ဆောင်ပါ
စကားပြောမကောင်းတဲ့ မိုက်ကရိုဖုန်းပါ
ရေထွက်အားမကောင်းတဲ့ ပိုက်ခေါင်းပါ
ကဗျာရေးမကောင်းတဲ့ တောင်တန်းပါ
အစဉ်အဆက် ပျော်ရွှင်ခြင်းတွေဟာ
လေတိုက်ခံရတဲ့ အမှိုက်စလို လွင့်လွင့်သွားကြပေါ့။ ။


ဥတ္တရာအောင်
ပိတောက်မြေ၊ ဇူလိုင်၊ ၀၅။

Saturday, March 04, 2006

ကြောင်ကလေးရဲ့မေမေ

ကျွန်တော်ဟာ ကြောင်ကလေးတစ်ကောင်ပေါ့
ကျွန်တော့်ကို မေမေက မွေးခဲ့တယ်
တိမ်ပြာသောနေ့တစ်နေ့မှာ မွေးခဲ့တယ်.....
ကျွန်တော့်အမွေးအမှင်တွေက တိမ်စိုင်တွေလိုနူးညံ့
ကျွန်တော့်ခိုဝင်ရာ ရင်ငွေ့ဟာနွေးထွေး
မေမေကသိပ်ပြီးချစ်စရာကောင်း
ကျွန်တော် ဘီစကစ်တွေညာညာပြီးတောင်းတိုင်းပေးတယ်.....
တဖြည်းဖြည်းနဲ့ ကျွန်တော့်လက်သည်းတွေချွန်မြလာ
ကျွန်တော်ဟာသန်စွမ်း
ကျွန်တော့်ခန္ဓာအရောင်ပြောင်းလာ
ကျွန်တော် ကမ္ဘာတစ်ခုရှာမယ်....သွားမယ်
ဒီလိုနဲ့ ထိုထိုသောအရပ်မှာ
ကျွန်တော်ဖြတ်သန်းရာ အချိန်ကာလတွေက ဆန်လွန်း
ကျွန်တော့်ကူးခတ်ရာ ပင်လယ်ပြင်ကကျယ်ပြော
ကျွန်တော်မက်မောရာ ငါးကလေးသေဆုံး
ကျွန်တော့်တစ်ကိယ်လုံးမြားဒဏ်ရာတွေနဲမြင်မကောင်းတဲ့အချိန်
မေမေနဲ့ပြန်တွေ့တယ်
မေမေကျွန်တော့်ကိုချစ်သေးသလားမေးတော့
မေမေကပါးကို အသာဆွဲလိမ်
ကျွန်တော့်အရိုးထဲက “ချွင်” ခနဲ
အဲဒီအသံဟာ ဘယ်လောက်ကျယ်ပြန့်ပြီး
ဘယ်လောက်သာယာပါသလဲ.....
တစ်လောကလုံးအိပ်မောကျနေချိန်မှာ
အဲဒီနေ့က
ကြောင်ကလေးတစ်ကောင်နိုးလာပါတယ်
ပြီးတော့ သူက သီချင်းတစ်ပုဒ်ကို တိုးတိုးဆိုညည်းတယ်
မေမေက ကျွန်တော့်မီးဖိုလေးပေါ့.....။


အေးမင်းစော
Tag : Aye Min Saw

Wednesday, March 01, 2006

မိသားစု

မိသားစုဆိုတာ
တစ်ယောက်ရှေ့ရောက်ဖို့
တစ်ယောက် နောက်ဆုတ်ရတယ်
သစ်ကိုင်းတစ်ကိုင်းတိုးထွက်ဖို့
သစ်ကိုင်းတစ်ကိုင်း အခုတ်ခံရတယ်
မိသားစု သီချင်းဟာ အတက်အဆင်းရှိတယ်
သံစုံမြည်တယ်။

မိသားစုဆိုတာ
လူခြောက်ယောက်ရှိ လူခြောက်ယောက်
လက်၁၀ချောင်းရှိ လက်ဆယ်ချောင်း
ခေတ်က တောင်းဆိုတဲ့အတိုင်း လှုပ်ရှားရတယ်
အိမ်ရှိလူအကုန်။

လဲကျသွားတဲ့ ငါ့အဖေနေရာကို
ငါ့ညီလေးဝင်ခဲ့တယ်
ယိုင်နဲ့သွားတဲ့ ငါ့အမေရဲ့ နေရာကို
ငါ့ညီမလေး ၀င်ခဲ့တယ်
မိသားစုကို ငါမမြင်ခဲ့ဘူး။

ငါ့အတွေးအခေါ်က သားသမီးဆိုတာ
သီးခြားရှင်သန်ရတဲ့ ဘ၀တစ်ခု
ငါက လမ်းပေါ်မှာကြီးပြင်းခဲ့လို့
လမ်းနဲ့ သွေးသားတော်စပ်တယ်လို့ ထင်တယ်။

ငါ့မိသားစုမှာ ငါဟာ မလင်းတဲ့မီး
ငါ့မိသားစာမှာ ငါဟာ မလုံခြုံတဲ့ထရံ
ငါ့ကြိုးကို တီးခတ်လိုက်တိုင်း အသံကြောင်ထွက်တယ်
ငါ့မိသားစုမှာ
မိုးယိုပေါက်လေး တစ်ပေါက်ရှိနေတယ် ဆိုရင်လည်း
ငါပဲဖြစ်မှာ
ငါ့မိသားစုမှာ
ကြမ်းခင်းတစ်ပေါက် ကျိုးပဲ့နေတယ်ဆိုလည်း
ငါပဲဖြစ်မှာ
မအောင်မြင်တဲ့ ဘောလုံးအသင်းဟာ ငါ့မိသားစုပဲ
မ၀င်တဲ့ဂိုးတွေကို ငါသွင်းခဲ့တာ။


စိုင်းဝင်းမြင့်
နားနားပြီးပြော ကဗျာစာအုပ်မှ

Tag : Sai Win Myint