Thursday, January 19, 2006

သေသပ်ကျနစွာနေကြတ်သွားသောနေ့တစ်နေ့

သေသပ်ကျနစွာနေကြတ်သွားသောနေ့တစ်နေ့



ခပ်ညံ့ညံ့ရုပ်ရှင်ကားတချို့ထဲက...
နိမိတ်ပြ... ပြကွက်လို
ဖန်ခွက်တစ်လုံး ခွမ်းခနဲ ကျကွဲ...
ဖရိုဖရဲလွင့်စင်ကြေမွမှုဟာ
ကျွန်မကမ္ဘာဖြစ်လို့ ... ။
လျှပ်စစ်ဝကိးတစ်လျှောက်
စီးဆင်းလာတဲ့အသံ
သံသယ၀င်မိခြင်းပထမ
ကျွန်မ...
ယုံကြည်လို့မရခဲ့ဘူးပေါ့ ... ။
သိပ်သေချာခဲ့သတဲ့
ဆွဲအားမဲ့သွားတဲ့ကတ္တရာလမ်းမရဲ့အနက်ထည်
ဘယ်တော့မှပြန်မရနိုင်တဲ့ဆုံးရှုံးမှု
တစ်စုံတစ်ခုမှ မှာကြားမသွားတဲ့သူငယ်ချင်း...
ကျွန်မရင်တွင်းမှာ စစ်တွေခင်းလို့
သူငယ်ချင်းကို ပြန်လုနေမိတယ်
ဘယ်လိုစာတန်နတ်ဆိုးကများ
လှည့်စား... ခြေမွ... ထားခဲ့ကြတာပါလိမ့်။
ပျစ်ပျစ်နှစ်နှစ် ဆဲရေးပစ်လိုက်ဖို့
တံခါးအဖွင့်မှာ...
အဲဒီမိုးတွေက...
ရွာလို့ကောင်းတုန်း...
ပျစ်ချွဲချွဲ...
အဖြူရင့်ရောင်မိုးစက်များ
ဒရဟောသွန်းကျဲရွာချ
နတ်ဆိုးတစ်ပါးအမူးလွန်အန်ချလိုက်သလို
မိစ္ဆာအလိုတွေပါ
ရောနှောပါလာခဲ့တော့တာပေါ့... ။
ကီးလျော့ဂစ်တာတစ်လက်ရယ်
အသစ်စက်စက် ခန္ဓာဗေဒစာအုပ်ရယ်
ကဗျာတွေအပေါ်ချစ်တဲ့ အချစ်ရယ်
တစ်ဝက်စီပိုင်ဆိုင်ထားတဲ့အနာဂတ်ရယ်
သားပျောက်တေးနဲ့မိခင်ရယ်...
ကြောက်မက်ဖွယ်ရာ အမှန်တရားရယ်
အလန့်တကြား...
ကျွန်မ ငိုမိတာ... ဆန်းလား... ။
ပဲခူးကောလိပ်အလွန်လေးသံကြိုး
အစိုးမရတဲ့မိုးရယ်
ပန်းတစ်ပွင့်မှမကျန်တဲ့
ပါးလျတာယာအိုရယ်
ဆွဲအားမဲ့အနက်ထည်လမ်းမကြီးရယ်
ပြီးတော့... တာဝန်မဲ့အရက်တစ်ခွက်ရယ်
ငယ်အိပ်မက်တွေအားလုံးလွင့်စင်ကွယ်...
ကျွန်မသူငယ်ချင်းဝိညာဉ်... ငိုရော့မယ်... ။
သေသပ်ကျနစွာ နေကြတ်သောနေ့တစ်နေ့
မိုးသားတိမ်လိပ်တို့ တရိပ်ရိပ်ပြိုကျ
ကျွန်မရဲ့မိုးရေစက်တွေ...
မင်း ရေ...
မိုးစစ်စစ်တွေက ခုမှရွာတာ... ။

မနော်ဟရီ
ရွှေဝတ်မှုန်၊ နိုဝင်ဘာ၊ ၁၉၉၅။
Manor Hary

0 Comments:

Post a Comment

Links to this post:

Create a Link

<< Home