Thursday, January 19, 2006

အများကပြောတဲ့မိုက်မဲခြင်းတွေရယ်

အများကပြောတဲ့မိုက်မဲခြင်းတွေရယ်


အိမ်ကလေးရယ် ... ငါရယ် ...
အမြင်မဲ့
ယိုင်နဲ့နေခဲ့တဲ့ငါ့အိမ်ကလေး
ကျားကန်ခြင်းမဲ့ ... ။
အများကပြောတဲ့
မိုက်မဲခြင်းတွေကိုသာ
အိမ်ကလေးရဲ့ပတ်ပတ်လည်မှာ
ဆင့်စီထားခဲ့ရ
ငါ့ဦးခေါင်းကတော့
ဘာမဆိုပြေးတိုက်ပစ်လိုက်ဖို့
မာနတွေနဲ့ မာကျောနေခဲ့။
အိမ်ကလေး...
ငါ... အဝေးကြီးထိ
ခရီးဆက်ရဦးမှာ ...
ရာသီဥတုဒဏ်တွေ နတ်ဆိုးတွေရဲ့အမှောင့်ပယောဂတွေ...
အမြဲစိမ်းသစ်တောကြီးတွေ ... လက်ညှိုးတွေ...
အများကြီးဝကံရဦးမှာ ...
ငါ့မှာကာရန်ပေးစရာဆိုလို့
အများကပြောတဲ့ မိုက်မဲခြင်းတွေသာရှိရဲ့။
မင်း... မမြင်ရတဲ့အိပ်မက်တွေနဲ့
ငါ... လောကကို မေ့လျော့နေမိတဲ့အခါတိုင်း
ညစာမဲ့... နေရောင်မဲ့ ... မင်းအတွက်
ငါ့အိပ်မက်တွေဟာ ဆေးဖက်မ၀င်နိုင်တဲ့အခါတိုင်း
မိုးစက်တွေ ... ကံ့ကော်ရနံ့တွေ
စိန်ပန်းကြွေတွေ... ရေတမာတွေကြား

ငါ... နာဖျားနေတဲ့အခါတိုင်း...
အများကပြောတဲ့
မိုက်မဲခြင်းတွေရဲ့အဆိပ်သင့်တဲ့ဒဏ်
ငါခံရတိုင်း...
အများကြိုက်စကားလုံးတွေနဲ့
မင်းကို ...
ကျားကန်မပေးနိုင်ခဲ့တာ
ခွင့်လွှတ်ပေးခဲ့ပါ ... ။
လောကမှာ ဘာအလိုအပ်ဆုံးလဲ ...
သိက္ခာ
ပညာ
မာန
ဆောက်တည်ရာမရ ရွတ်ဆိုနေခဲ့တဲ့
မေးခွန်းတွေလည်း ပျံ့ကျဲ
အိမ်ကလေးရဲ့ရင်ခွင်ထဲမှာ
လှဲကျင်းပစ်လိုက်ဖို့ရာကလည်း ... မဖြစ်နိုင်
ရှင်းလင်းပြဖို့ရာကလည်း မဖြစ်သေး
ရာဇ၀င်သစ်တွေ ပြောင်းပြန်ဖြစ်နေခဲ့ ။

အမှားအယွင်းတွေရဲ့သားကောင်
အမှန်တရားရဲ့နောက်တော်ပါး
ပါးနပ်မှုရှိရက်နဲ့ အသုံးမချသူလေ ...
ခုတော့လည်း ...
သုံ့ပန်းလုံးလုံးကိုဖြစ်လို့ ... ။
ရွက်ကြွေတွေလို
ဦးတည်ရာမဲ့လွင့်မျောပစ်လိုက်ချင်ရဲ့
ဒါပေမယ့် ...
ယိုင်နဲ့နေသေးတဲ့
ငါ့အိမ်ကလေးကို
ငါဘယ်လိုပစ်ခွာသွားရက်ပါ့မလဲ...
အများကပြောတဲ့
မိုက်မဲခြင်းတွေသာ
ခရီးရှည်နေခဲ့ပေါ့ ... ။
ခုဆိုရင် ...
ငါရယ် ...
ငါ့အိမ်ကလေးရယ်
အများကပြောတဲ့ မိုက်မဲခြင်းတွေရယ်
အများကပြောတဲ့ မိုက်မဲခြင်းတွေရယ်
ငါ့အိမ်ကလေးရယ်
ငါရယ် ......
မိုင်ပေါင်းများစွာ ....
ရာစုများစွာတိုင်ထိ ။

မနော်ဟရီ
Manor Hary

0 Comments:

Post a Comment

<< Home